◾နှစ်နိုင်ငံကြား ကုန်သွယ်မှု ဒေါ်လာ ၁ ဘီလျံအထိ မြင့်တက်လာရန် အပြန်အလှန်အလိုရှိနေ
၂. ၁၀. ၂၀၂၃
Written by Nay Aung
ရုရှားနှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုသည် လက်ရှိအချိန်တွင် ပိုမိုမြင့်တက်လာနေပြီး ပြီးခဲ့သော ၂၀၂၁ ခုနှစ်က အပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်းသာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာသန်းရာချီအထိ မြင့်တက်လာနေကြောင်း ရုရှားအခြေစိုက်မီဒီယာများက ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတည်းက သိသိသာသာတိုးတက်လာနေခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်က ရုရှားနှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်းသာ ရှိခဲ့ကြောင်း သိရသည်။ ၂၀၂၂ခုနှစ်တွင် ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၈၃ ဒသမ ၃ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများတင်ပို့နိုင်ခဲ့သလို မြန်မာနိုင်ငံကလည်း ၂၀၂၂ ခုနှစ်အတွင်းတွင် အမေရိကန်ဒေါ်လာ ၁၄၇ ဒသမ ၃ သန်းတန်ဖိုးရှိကုန်ပစ္စည်းများ တင်ပို့နိုင်ခဲ့ရာ နှစ်နိုင်ငံကြားအပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်အထိရှိနေခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိရောက်ရှိနေရာ ယခုနှစ်အကုန်အထိ အပြန်အလှန်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်အထိ ရောက်ရှိဖွယ်ရှိနေသည်။ မြန်မာနှင့်ရုရှားနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုများကို အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိ တိုးမြှင့်လာနိုင်ရန် နှစ်ဖက်စလုံးက မျှော်လင့်နေကြောင်း သိရသည်။
ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံ၌ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ရုရှားနိုင်ငံသည် မြန်မာနိုင်ငံသို့ ကျောက်မီးသွေး၊ ဓာတ်မြေသြဇာ၊ နေကြာဆီ၊ ရာဘာဖြင့်ပြု လုပ်သော ထုတ်ကုန်များအပါအဝင် ကုန်ပစ္စည်းများကို တင်ပို့ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံသို့ ဓာတုချည်မျှင်ဖြင့် ပြုလုပ်ထားသော အမျိုးသား၊ အမျိုးသမီးဝတ် အဝတ်ထည်များ၊ ရှုးဖိနပ်များ၊ T-shirtsများ၊ အင်္ကျီများ အစရှိသော ကုန်ပစ္စည်းများကို အဓိကထား တင်ပို့ခဲ့ကြောင်း သိရသည်။
ရုရှားနှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတည်းက ပိုမိုကောင်းမွန်လာခဲ့ပြီး ၂၀၂၂ ခုနှစ်ဒီဇင်ဘာလတွင် အကောက်ခွန်နယ်ပယ်နှင့် အပြန်အလှန်ကုန်သွယ်မှုများအဆင်ပြေချောမွေ့စေရန် အပါ အဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရေး သဘောတူညီခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံထံမှ ဓာတ်ငွေ့အရည်နှင့် အခြားသော စွမ်းအင်ရင်းမြစ်များကို ရယူရန် စိတ်ဝင်စားလျက်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း၊ ဓာတ်မြေသြဇာ၊ အစားအစာ၊ သံနှင့်သံမဏိ၊ ဘိလပ်မြေနှင့် ဆီထွက်သီးနှံထုတ်လုပ်မှုလုပ်ငန်းများတွင် ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် လိုလားနေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရုရှား RK-Investment Foundation ဖြင့် အပြန်အလှန်စိတ်ဝင်စားမှုရှိနေသော အဓိကကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သော နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
Ref; russia-briefing