၂.၁၀.၂၀၂၃.
Translated by Htwe Ko Tun
စပိန်နိုင်ငံတောင်ပိုင်း၊ မာဆီယာမြို့တွင် စက်တင်ဘာ ၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၆ နာရီခန့်က ညကပွဲရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများက ရှာဖွေရေးလုပ်ငန်းများပြုလုပ်နေကြဆဲဖြစ်ရာ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
မြို့၏အရှေ့တောင်ပိုင်း Teatre ရိပ်သာရှိ အဆိုပါညကပွဲရုံတွင် မီးလောင်ကျွမ်းရမှု၏အကြောင်းရင်းကို မီးလောင်ကျွမ်းမှုပြီးနောက် ၁၅ နာရီခန့်ကြာသည်ထိ ရှင်းလင်းစွာမသိရသေးပေ။ မီးလောင်ကျွမ်းမှုကြောင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ဒဏ်ရာရခဲ့ကြပြီး ၎င်းတို့မှာ မီးခိုးငွေ့များနှင့် အသက်ရှုကျပ်ကာဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောခဲ့ကြသည်။
မီးက Fonda Milagros ညကပွဲရုံတွင် စက်တင်ဘာ ၁ ရက် နံနက်အစောပိုင်းက စတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ အခြားညကပွဲရုံများသို့ပါ ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဟု သိရသည်။ ရဲတပ်ဖွဲ့က Fonda Milagros ညကပွဲရုံ၌ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးရသူ ၁၃ ဦးဟု အတည်ပြုခဲ့ပြီးဖြစ်သော်လည်း ၁၄ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
မာဆီယာမြို့၏ မြို့တော်ဝန် ဂျို့စ် ဘာလက်စတာက မြို့တွင် လွမ်းဆွတ်ကြေကွဲခြင်း အထိမ်းအမှတ် သုံးရက် သတ်မှတ်ခဲ့သည်။ စပိန်နိုင်ငံတွင် အဆိုးဝါးဆုံး ညကပွဲရုံ မီးလောင်မှုအဖြစ် ၁၉၉၀ ပြည့်နှစ်ကလည်း ဇာရာဂိုဇာမြို့တွင် ညကပွဲရုံတစ်ခု မီးလောင်ခဲ့ဖူးရာ လူ ၄၃ ဦးသေဆုံးခဲ့ရသေးသည်။
Ref—-AP