၂. ၁၀. ၂၀၂၃
Written by Nyein Kyaw
၂၀၂၃ ခုနှစ်အတွင်း အွန်လိုင်းလိမ်လည်မှု ၁၁၉ မှုမှ တရားခံ ၇၆ ဦးနှင့် အွန်လိုင်း လောင်းကစားမှု ၅၈ မှုမှ တရားခံ ၁၃၄ ဦးတို့ကို ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြုလုပ်သည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြောကြားသည်။
၂၀၂၃ ခုနှစ်တွင် မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် မဲဆောက်မြို့တို့တွင် ကျင်းပခဲ့ပြီး အွန်လိုင်းလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) ဆိုင်ရာ ရှေ့ပြေးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံအနေနှင့် မြန်မာနိုင်ငံ၊ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရန် အဓမ္မစေခိုင်းသည့် ဖြစ်စဉ်များကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဇွန်လ ၁၉ ရက်အထိ စစ်ဆင်ရေးကာလသတ်မှတ်ပြီး သုံးနိုင်ငံ နားလည်မှုရှိရှိနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်းက ပြောကြားသည်။
ယနေ့အချိန်အခါတွင် ငွေကြေးခဝါချမှု၊ ငွေကြေးလိမ်လည်မှုနှင့် အဂတိလိုက်စားမှု အပါအဝင် ငွေကြေးဆိုင်ရာပြစ်မှု၊ အွန်လိုင်းအသုံးပြုလိမ်လည်မှု အပါအဝင် ဆိုက်ဘာပြစ်မှု (Cyber Crime)၊ အကြမ်းဖက်မှုတို့သည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု အဆင့်အမြင့်ဆုံးဖြစ်နေသည့်ကို တွေ့ရှိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့အား တိုက်ဖျက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ တရားစီရင်ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အလေးထားမှာကြားလိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ထို့အတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် အမှုပေါင်း ၄,၃၈၀ မှု၊ တရားခံပေါင်း ၅,၉၇၄ ဦး၊ စုစုပေါင်းတန်ဖိုးငွေ ကျပ် ၆၂၃ ဘီလျံကျော်ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။