၂၈.၉. ၂၀၂၃
Written by Hey Mar
မြန်မာ့ဂုဏ်ဆောင် ဗိုဗီနမ်ဆီးဂိမ်း ရွှေတံဆိပ်ဆုရှင် မပပဝင်းဟာ ဦးခေါင်းအကျိတ်ခွဲစိတ်ဖယ်ရှားပြီးလို့ ဆေးရုံက ဆင်းလာပြီး တစ်လကျော်အကြာမှာတော့ နေထိုင်ရာ ဒလမြို့နေအိမ်မှာပဲ မနေ့က စက်တင်ဘာ ၂၇ ရက် မနက် ၈ နာရီမှာ ကွယ်လွန်ခဲ့ပါတယ်။
ဦးခေါင်းအကျိတ်ဝေဒနာကို ၅ နှစ်နီးပါးခံစားရင်း မျက်စိကွယ်ကာ အကြောဆွဲပြီး မလှုပ်ရှားနိုင်ဖြစ်နေရာကနေ ၂ လနီးပါးဆေးရုံတက်ရောက်ကာ ခွဲစိတ်ကုသခဲ့ရတဲ့ ဗိုဗီနမ်အားကစားမယ် ရွှေတံဆိပ်ဆုရှင် မပပဝင်းဟာ သြဂုတ် ၁၇ ရက် နေ့လည်ပိုင်းမှာ ဆေးရုံဆင်းခွင့်ရရှိပြီး နေအိမ်မှာ ပြန်လည်အနားယူကာ နောက်ဆက်တွဲကုသမှုတွေပြုလုပ်ဖို့ ဆောင်ရွက်နေရင်း ဝေဒနာကြောင့် ကွယ်လွန်ခဲ့တာလို့ မပပဝင်းရဲ့ဆရာဖြစ်သူ သိုင်းပြောင်းပြန်ဆရာကြီး ဦးမြင့်အောင်က ပြောပါတယ်။
သူက “သူဆုံးတော့ ကျွန်တော်မရှိဘူး။ ကျွန်တော်က နေပြည်တော်မှာ သိုင်းပြိုင်ပွဲရှိလို့ ရောက်နေတာ။ တရှောင်ရှောင်ဖြစ်ရာက ဆုံးတာပဲ။ ၂၇ ရက်နေ့ ဆုံးတယ်။ ၃၀ ရက်နေ့ ဒလသုဿာန်မှာ သင်္ဂြိုလ်မယ်”လို့ ပြောပါတယ်။
မပပဝင်းက ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ Sea Game ပြိုင်ပွဲကြီးမှာ ဗိုဗီနမ်အားကစားနဲ့ နှစ်ယောက်တွဲ အလှပြကစားရင်း ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးနိုင်ခဲ့သူပါ။ ဒါ့အပြင် အဲဒီဆီးဂိမ်းမှာပဲ ကြေးတံဆိပ်နဲ့ ၂၀၁၄ မှာလည်း ဗိုဗီနမ်ကစားနည်းနဲ့ပဲ ရွှေတံဆိပ်တစ်ခုရခဲ့သေးတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်ပိုင်း ဦးခေါင်းအကြိတ်ဝေဒနာစတင်ခံစားလာရကာ လွန်ခဲ့တဲ့ တစ်နှစ်ဝန်းကျင်မှာတော့ အမြင်အာရုံ လုံးဝဆုံရှုံးသွားတဲ့အထိ သူ့ဝေဒနာပြင်းထန်လာတာပါ။ ခင်ပွန်းဖြစ်သူကလည်း ကူညီသူမဲ့အခြေအနေမှာ ဘဝကိုထွက်ပေါက်ရှာပြီး အခုနှစ် ဇွန်လ ၁၇ ရက်ကပဲ ဆွဲကြိုးချကာ အဆုံးစီရင်ခဲ့သွားခဲ့တာပါ။ မပပဝင်းမှာ လေးနှစ်အရွယ် သားငယ်လေးကျန်ရစ်ခဲ့ပြီး၊ သူဆေးရုံဆင်းကာစ MT News က သွားရောက်တွေ့ဆုံခဲ့စဥ်မှာ “ကလေးအဖေကလည်း သူ့ကိုယ်သူ သတ်သေသွားတယ် ပြောတယ်။ နေကောင်းအောင် ကြိုး စားနေပါတယ်။ ကလေးကို သနားတယ်” လို့ မပပဝင်းက ဖွင့်ဟပြောပြခဲ့ပါတယ်။
ပုံစာ။ မပပဝင်း မကွယ်လွန်မီ အားကာဝန်ကြီးဌာနအကူအညီဖြင့် ဆေးကုသမှုခံယူမည့်နေ့က MT News သတင်းဌာန ရိုက်ကူးခဲ့သော မြင်ကွင်း