၂၈. ၉. ၂၀၂၃
Written by Zaw Moe
လားရှိုးမြို့တွင် Denko ဆီဆိုင် မီးလောင်ပေါက်ကွဲမှုသည် အကြမ်းဖက်သမားတစ်ဦးက ဆိုင်ကယ်တွင် မိုင်းထောင်၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၇ ၇က် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်သမားတစ်ဦးသည် လာရှိုးဘက်မှ ဆိုင်ကယ်ဖြင့် မောင်းနှင်ရောက်ရှိလာကာ မယ်ဟန်ကျေးရွာအုပ်စု၊ နမ့်ခိုက်ကျေးရွာအနီး လာရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းပေါ်ရှိ Denko ဆီဆိုင်တွင် ဆီဖြည့်ရန် ဆိုင်ကယ်အားရပ်တန့်ထားရှိကာ ထွက်ပြေးသွားစဉ် အဆိုပါဆိုင်ကယ်မှ မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါအခင်းဖြစ်ပွားမှုအား ဦးစိုးမင်းခိုင်(ခရိုင်မှူး၊ လားရှိးခရိုင်မီးသတ်ဦးစီးဌာန)၏ အနီးကပ်ညွှန်ကြားမှုဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၊ ထိခိုက်ဒဏ်ရာရလူနာများ၊သေဆုံးသူများကို လားရှိးခရိုင်၊ မြို့နယ်၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကြက်ခြေနီတပ်ဖွဲ့(လားရှိုး)၊ လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း၊ ကမ်းလင့်လက်ပရဟိတအသင်း၊ မေတ္တာစမ်းရေလူမှုကူညီရေးအသင်း၊ ကမ္ဘောဇနာရေးနှင့်ဆန်လှူအသင်း၊ မုဒိတာပရဟိတအသင်း၊ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းတို့မှ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုပေါက်ကွဲမှုကြောင့် ဆီဆိုင်တွင် ဆီဖြည့်လျက်ရှိသော ယာဉ် ၂ စီးနှင့် ဆီဆိုင်တို့မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးကာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအား လားရှိုးပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနမှတစ်ဆင့် ထိခိုက်ဒဏ်ရာရလူနာများအား ခွဲစိတ်ကုသဆောင်နှင့်အရိုးကုသဆောင်သို့လည်းကောင်း၊ သေဆုံးသူများအား ရင်ခွဲရုံသို့လည်းကောင်း အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ရှိ Denko ဆီဆိုင် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၂၇ ရက် (ယမန်နေ့)တွင် ထွက်ပေါ်ခဲ့သည့် ကနဦးသတင်းများအရ TNLA/PDF များက မိုင်းခွဲခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။