◾နှစ်ဖက်တိုက်ပွဲများအတွင်း အရပ်သားပြည်သူ ၅ ဦးထက်မနည်းသေဆုံးခဲ့ဟု ဆို
၂၈. ၉. ၂၀၂၃
Written by Nay Moe
ကလေးမြို့နယ်တောင်ပိုင်း အောင်သာယာရွာတွင် ပြည်သူစစ်အများစုပါသောစစ်ကြောင်းနှင့် ချင်း PDF များ တိုက်ပွဲဖြစ်ရာမှ နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းတွင် ကလေးမြို့နယ်တောင်ပိုင်း လခရစစ်ကြောင်းက တပ်စွဲထားသည့် ကြံသာကျေးရွာနှင့် အနီးနားရှိ ပြည်သူ့စစ်ရွာများမှ ပူးပေါင်းအင်အား ၁၀၀ ကျော်ဖြင့် အောင်သာယာရွာဘက်သို့ စစ်ကြောင်း ၃ ကြောင်းခွဲကာ ထိုးစစ်ဆင်လာရာ CDF – KKG နှင့် ပူးပေါင်းတပ်ဖွဲ့တို့ မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဉ်မှာ အဆိုပါနေ့ မနက် ၈ နာရီခွဲအချိန်ခန့်တွင် တပ်ဖက်မှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ပြီး သာလွန်အင်အားသုံးကာ ထိုးစစ်ဆင်လာ၍ CDF ပူးပေါင်းအဖွဲ့မှ ပြန်လည်ခုခံပစ်ခတ်ကြရာ တပ်ဖက်မှ (၂) ဦးကျဆုံးကာ CDF -KKG တပ်ဖွဲ့ဝင်အောင်ကျော်သူနှင့် ကလေးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တစ်ဦးတို့ ကျဆုံးခဲ့သည်ဟု သိရသည်။
ထို့နောက် အောင်သာယာ အရှေ့ရပ်ကွက်ဘက်တွင် ခြေကုပ်ယူထားသည့် စစ်ကြောင်းကို ကလေးခရိုင်တပ်ရင်း အမှတ် (၄) နှင့် CDF-KKG ပူးပေါင်းကာ နေ့လယ် ၁ နာရီခန့်တွင် သွားရောက်ပစ်ခတ်သော်လည်း PDF ပူးပေါင်းအဖွဲ့မှ ၂ ဦး ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ (မစိုးရိမ်ရ) ကြသည်ဟု သိရသည်။
စက်တင်ဘာ ၂၇ ရက် နေ့လည်အချိန် အောင်သာယာဘက်မှတစ်ဆင့် မှန်တောဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာသည့် လခရတပ်များကို မှန်တောရွာအနီးနားတွင် CDF –KKG၊ ကလေးခရိုင်အမှတ် (၄)တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ CNDF (Thal Pau) ပူးပေါင်းအဖွဲ့တို့နှင့် ထပ်မံတိုက်ပွဲပြင်းထန်ခဲ့ရာ PDF ပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦး ထပ်မံဒဏ်ရာရ (မစိုးရိမ်ရ) ခဲ့ပြန်သည်ဟု သိရသည်။
ထိုသို့ နှစ်ဖက်တိုက်ပွဲများအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ရှားဖိုကျေးရွာမှ အရပ်သားပြည်သူ ၄ ဦး သေဆုံးကာ အဆိုပါသေဆုံးမှုကိုမြင်သည့် မိခင်တစ်ဦးမှာလည်း ထိတ်လန့်ပြီး ထပ်မံသေဆုံးမှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၅ ဦးသေဆုံးကြောင်း ကနဦးသိရှိရသည်။ လက်ရှိတွင် ကလေးတောင်ပိုင်းဒေသကို ဖုန်းလိုင်းလည်းများ ဖြတ်တောက်ခံထားရသည်ဟုလည်း CDF-KKG က ပြောသည်။
ပုံစာ။ CDF – KKG တပ်ဖွဲ့ဝင်များနှင့် သေဆုံးသည့် အောင်ကျော်သူအတွက် ထုတ်ပြန်ချက်