၂၈. ၉. ၂၀၂၃
Written by Nyein Kyaw
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း စပါးဝယ်သူမရှိ၍ သတ်မှတ်ထားသည့် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းဈေးနှုန်းအောက် ကျဆင်းနေသည့်အတွက် စပါးစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်မှ စပါးစိုက်တောင်သူများထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပေါင်းတည်မြို့ရှိ စပါးစိုက်တောင်သူအများစုသည် ဒဂုံ၊ ငွေတိုး စပါးအမျိုးအစားတို့ကို အဓိကစိုက်ပျိုးကြပြီး တောင်ပျံစပါးအမျိုးအစားကိုလည်း အနည်းငယ်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။ ယခုစက်တင်ဘာလအလယ်မှစ၍ ဒဂုံနှင့် ငွေတိုး စပါးအမျိုးစားများ စတင်ရိတ်သိမ်းနေခြင်းဖြစ်သည်။
စပါးစတင်ရိတ်သိမ်းစဉ်က စပါးဝယ်ယူမှုများရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် စပါးကုန်သည်၊ အကျိုးဆောင်(ပွဲစား)များမှ သိုလှောင်မှု အခက်အခဲကြောင့်ဟုဆိုကာ စပါးများဝယ်ယူမှုကို ရပ်တန့်ထားခြင်းကြောင့် အဆိုပါဒေသထွက် စပါးဈေးနှုန်းများ ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။
“ဆီဈေးတွေက တက်နေတော့ စက်ရိတ်ခ တစ်ဧကကိုတစ်သိန်းတဲ့။ အလုပ်သမားခလည်း ဈေးကြီးတယ်။ မိုးနှောင်းတုန်းကလည်း ဓာတ်မြေဩဇာတစ်အိတ် ၁၂၀,၀၀၀ လောက်နဲ့ ပက်ထားရတာ။ ကိုးသောင်းဈေးတွေရော ဓာတ်မြေဩဇာဖိုးတွေကလည်းကုန်၊ အလုပ်သမားခလည်းကုန်၊ ရိတ်စက်ခလည်းကုန်ဆိုတော့ ရှုံးတာပေါ့။ ဟိုနေ့က ပြောတယ်လေ။ သိုလှောင်တဲ့ကိစ္စမှာ စစ်ဆေးမယ်ဆိုတော့ လှောင်တဲ့သူကလည်း မလှောင်ရဲဘူးလားမသိဘူး။ အရင်ကဆို စပါးစိမ်းစိမ်းစိုစိုတွေကို ဝယ်ပြီးတော့ အခြောက်ခံစက်တွေနဲ့လုပ်ပြီး လှောင်ကြတာတွေ။ အခုတော့ သူတို့လည်းမကိုက်လို့ဖြစ်မှာပေါ့။ အခုက ၁၂ သိန်းခွဲနဲ့ ၁၃ သိန်းပေါ့။ အဲဒါတောင်မဝယ်ဘူးတဲ့။ စပါးဈေးက ထိုးကျသွားတာ” ဟု ပေါင်းတည်မြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် စပါးပေါ်ချိန်များတွင် ဒဂုံ၊ ငွေတိုး စသည့်စပါးဈေးနှုန်းများမှာ ကျပ် ၁၅ သိန်းမှ ကျပ် ၁၆ သိန်းအထိရှိခဲ့သည်။ ယခုနှစ်တွင် ဒဂုံ၊ ငွေတိုး စပါးအမျိုးအစားများ စတင်ရိတ်သိမ်းစဉ် စပါးရိတ်စက်နှင့်ရိတ်ပြီးခါစ စပါးအစိုများကိုပင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်းအထိပေးကာ ဝယ်ယူမှုရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ဝယ်ယူသူမရှိတော့ဘဲ စပါးတင်းတစ်ရာလျှင် ကျပ် ၁၂ သိန်းခွဲအထိ ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။
“ငွေတိုးတို့၊ ဒဂုံတို့ ဒီစပါးတွေ စ,စရိတ်တုန်းက လယ်ကွင်းထဲက အစိုအတိုင်းကို စပါးတင်း ၁၀၀ ကို ၁၄ သိန်းပေးတယ်။ ဘာမှမလုပ်ရသေးဘူး စက်နဲ့ရိတ်ပြီး တန်းယူသွားတာ။ ဒီရက်ပိုင်းမှ ဝယ်သူမရှိ ထိုးကျသွားတာ” ဟု ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။
ဆန်စပါးဈေးနှုန်းတည်ငြိမ်စေရေး ၂၀၂၃ ခုနှစ် မိုးစပါးများအတွက် ရည်ညွှန်းဈေးနှုန်း ဧည့်မထ/ငစိန် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း၊ ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်းနှင့် ဧရာမင်း/ ဧရာပဒေသာစပါးများ တင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း သတ်မှတ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စက်တင်ဘာလ ၁၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဆန်စပါးဈေးနှုန်း မတည်ငြိမ်အောင် သိုလှောင်၍ ဈေးကစားသူများမရှိစေရန် ရည်ရွယ်၍ စပါးတင်း ၅၀၀၀ နှင့် ဆန်တန်ချိန် ၅၀ အထက် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းအား ပြီးခဲ့သည့် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်သိုလှောင်ထားမှု၊ ခိုင်လုံသည့် အကြောင်းအရင်းမရှိဘဲ ဆန်စပါးများသိုလှောင်ထားရှိပါက အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆန်စပါးများပေါ်ချိန် ပွဲစားများက ဝယ်ယူလေ့မရှိဘဲ စျေးနှိမ်ကာ တောင်သူများလက်တွင် စပါးမရှိချိန်မှ စျေးကစားပြီး စျေးဆွဲတင်သဖြင့် တောင်သူများလည်း အကျိုးမရှိ၊ ပြည်သူများလည်း ဆန်စျေးအဆမတန်ကြီးသောဒဏ်ကို မြန်မာနိုင်ငံတွင် နှစ်စဥ်ကြုံတွေ့နေရပြီး ဖြေရှင်းပေးနိုင်ခြင်းမရှိချေ။