၂၈. ၉. ၂၀၂၃
Written by Min Mahar
စစ်ကိုင်းမြို့လူမှုဖူလုံရေးရုံး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ဈေးသည်အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိမှု ယမန်နေ့ညနေစောင်းပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၇ ရက် ညနေ ၆ နာရီခွဲကျော်က စစ်ကိုင်းတိုင်းဒေကြီး၊ စစ်ကိုင်းမြို့နယ်၊ မြဝတီရပ်ကွက်၊ ဈေးကုန်းရပ်(ဒေသအခေါ်)တွင်ရှိသော မြို့နယ်လူမှုဖူလုံရေးရုံးသို့ PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး လက်ပစ် ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ လူမှုဖူလုံရေးရုံးအရှေ့လမ်းကြားမြေကွက်လပ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် လမ်းပေါ်၌ သွားလာနေသည့် ဈေးသည်များဖြစ်ကြသော အသက် ၄၀ နှစ်အရွယ် နှင့် အသက် ၅၁ နှစ်အရွယ် အမျိုးသမီးနှစ်ဦးတို့ ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ လက်ပစ်ဗုံးပစ်ပေါက်သူ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေကြပြီး နယ်မြေရဲစခန်းမှလည်း အမှုဖွင့်ထားကြောင်း သိရသည်။