၂၈. ၉. ၂၀၂၃
Written by Thettant
ရှမ်းပြည်နယ်မှ မန္တလေးသို့ တောလမ်းအတိုင်း သယ်ယူလာသည့် ကျပ် ၈ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများအား ရမည်းသင်းမြို့အနီးတွင် ဖမ်းမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၄ ရက် နံနက် ၁ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ငါးတဲစုကျေးရွာအနီး၊ တောလမ်းတွင် ပင်လောင်းဘက်မှ ရမည်းသင်းဘက်သို့ ကိုဖြိုး(ခ)အောင်သူဖြိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် အောင်ကျော်စွာ(ခ) ကျော်စွာ မောင်းနှင်လာသည့် TOYOTA HILUX SURF မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ SURF မော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၈ ဒသမ ၇ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၃၅ ကီလို သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။