၂၆.၉.၂၀၂၃
Written by Peya
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များ၊ Influencer များ၊ မီဒီယာကိုယ်စားလှယ်များနှင့် ရုရှားအစိုးရကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်တစ်ခုကို ဆောင်ရွက်နေပြီး လာမည့်လအတွင်း လာရောက်ဖွယ်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
Welcome Russia အစီအစဉ်ကို လက်ရှိတွင် အကောင်အထည်ဖော် ဆောင်ရွက်နေရာတွင် အထက်ပါအစီအစဉ်ဖြင့် ရင်းနှီးကျွမ်းဝင်သည့် ခရီးစဉ် (Familiarization Trip-FAM) တစ်ခုကို လမည့်လအတွင်း အထက်ပါအတိုင်း ဆောင်ရွက်ရန် စီစဉ်ထားခြင်းလည်း ဖြစ်သည်။
“FAM Trip ကတော့ ရုရှားက ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ၊ Influencer နဲ့ မီဒီယာတွေက ကိုယ်စားလှယ်တွေ နောက်တစ်ခါ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ကိုယ်စားလှယ်တွေလည်း ပါတယ်။ အယောက် ၃၀ ကို FAM Trip လုပ်ဖို့ သူတို့နဲ့ တိုင်ပင်ပြီး လုပ်နေပါတယ်။ စက်တင်ဘာထဲမှာ စပြီးတော့ လုပ်ဖို့ကြိုးစားပေမယ့် အောက်တိုဘာလထဲမှာ ဖြစ်ဖို့များပါတယ်။ မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင်၊ ရန်ကုန် အဲ့ဒီလို ခရီးစဉ်တွေကို ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတယ်။ နေပြည်တော်လည်း ပါတာပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
မြန်မာ့လေကြောင်း (MAI) သည် ရုရှားနိုင်ငံသို့တိုက်ရိုက်ပျံသန်းသည့် ရန်ကုန် – မန္တလေး – နိုဗိုဆီဘရစ် - မန္တလေး- ရန်ကုန်ခရီးစဉ်သစ် စတင်ပြေးဆွဲနေပြီ ဖြစ်သည့်အတွက် အဆိုပါခရီးစဉ်ကို MAI နှင့်ပင် ပြုလုပ်ရန် စီစဉ်ထားကာ FAM Trip လာပြီးနောက် မြန်မာနိုင်ငံတွင်ရှိသည့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းချင်း တွေ့ဆုံသွားရန်လည်း အစိုးရအနေဖြင့် FAM Trip ဖြစ်စေရန် စီစဉ်ပေးခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးရဲ့ ပြီးခဲ့တဲ့ရုရှားခရီးစဉ်မှာ MOU လည်း ထိုးလိုက်ပြီ။ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင် ရွက်ရေး ထိုးပြီးပြီးဆိုတော့ အဓိက က FAM Trip တွေ လုပ်မယ်။ ဧည့်သည်တွေ အပြန်အလှန်ပို့ဖို့တွေ၊ ခရီးသွားနဲ့ ပတ် သက်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နောက်တခါ ရုရှားဘာသာစကားပြောသင်တန်းတွေ ဆောင်ရွက်ဖို့ ဆိုတာက ဆက်လုပ်သွားမယ့် အစီစဉ်တွေပါ” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။