MT News
Written by Min Mahar
မန္တလေးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း ၂ ကျောင်း မိနစ်ပိုင်းသာခြားကာ လက်ပစ်ဗုံးပစ်ပေါက်ခံရပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၂၅ ရက်)မနက် ၇ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ ၈၁ လမ်း ၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား ရှိ TEL ကိုယ်ပိုင်အထက်တန်း ကျောင်းရှေ့အား ၈၁ လမ်းအတိုင်း တောင်မှမြောက်သို့ အမျိုးသားတစ်ဦးမောင်းနှင်ပြီး အမျိုးသမီးတစ်ဦးနောက်မှ စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်တစ်စီးပေါ်မှလက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပြီး ကျောင်းရှေ့တွင် ရပ်နေသော အသက် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦး၏ တင်ပါးအထက်ကို ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွားသည့်အပြင် အနီးတွင်ရပ်ထားသည့် Toyota Liteace အဖြူရောင်မော်တော်ယာဉ်၏ ဝဲဘက်တံခါးမှန်တစ်ချပ်ကွဲကြေပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးငွေကျပ် တစ်သိန်း (၁၀၀၀၀၀/-)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူပင် မနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ အကွက်(၄၇၉)၊ ရွာမရပ်(ဒေသအခေါ်) ရှိ”မဟာ”ကိုယ်ပိုင်အထက်တန်း ကျောင်းဝန်းအတွင်းသို့ CZI (ခဲနက်ရောင်)ဆိုင်ကယ် ၂ စီးဖြင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့သည် “မဟာ”ကိုယ်ပိုင်ကျောင်းရှေ့လမ်းအတိုင်း တောင်မှ မြောက်သို့မောင်းနှင်လာကာ နောက်တွင်ထိုင်စီးလာသူ ၂ ဦးမှ လက်ပစ်ဗုံး ၂ လုံးအား မဟာကျောင်းဝန်းအတွင်းပစ်ခတ်လိုက်ကာ စစ်ကိုင်း-မန္တလေးလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားပြီး လက်ပစ်ဗုံးများမှ ပေါက်ကွဲမှုမရှိသေးသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာပြီး ယမ်းပျော့ကပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လူနှင့် ပစ္စည်းထိခိုက်မှုမရှိကြောင်း ပစ်ဖောက်သွားသူများကို နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ထားကာ လိုက်လံစုံစမ်းနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။