◾ နိုင်ငံခြားငွေ အရောင်းအဝယ်များအတွက် တရားမဝင် ငွေလွှဲလုပ်ငန်းများမှတစ်ဆင့် ငွေလဲ၊ ငွေလွှဲခြင်းများဆောင်ရွက်နေဟု သိရ
၂၅. ၉. ၂၀၂၃
Written by Nyein Kyaw
နိုင်ငံခြားငွေဈေးကစားသူများနှင့် နိုင်ငံခြားငွေလဲကောင်တာ (Money Changer) များကို ပြင်းပြင်းထန်ထန် အရေးယူလာမှုကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ တည်ငြိမ်လာပြီး ယနေ့တွင် ဒေါ်လာဈေး ကျပ် ၃၃၅၀ သို့ ကျဆင်းခဲ့ကာ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ကျပ် ၃၅ သိန်းအောက်သို့ ကျဆင်းလာခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာ ကျပ် ၄,၀၀၀ ခန့်အထိ မြင့်တက်မှုများဖြစ်ခဲ့သည့်အတွက် ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးကစားသူများအား အရေးယူဆောင်ရွက်ခြင်းကို ဩဂုတ်လ ၂၀ ရက်မှ စတင် ဆောင်ရွက်ခဲ့သည်။
ထို့အတူ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် Money Changer များကိုလည်း ဆက်တိုက်အရေးယူခဲ့ပြီး ယခင်က အနည်းအငယ်သာ အရေးယူမှုခဲ့သော်လည်း စက်တင်ဘာလ ၁၉ ရက်တွင်မူ Money Changer ကုမ္ပဏီ ၁၂၃ ခုအထိကို ဗဟိုဘဏ်က လိုင်စင်များပြန်လည်ရုပ်သိမ်းခဲ့သည်။
ယင်းကဲ့သို့ ဆက်တိုက်အရေးယူမှုများ ပြုလုပ်နေခြင်းကြောင့် ယနေ့တွင် ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃,၃၅၀ သို့ ကျဆင်းခဲ့ပြီး အခြားသောငွေလဲလှယ်နှုန်များမှာလည်း တည်ငြိမ်လာခဲ့သည့်အပြင် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၄၈၅,၀၀၀ သို့ ထပ်မံကျဆင်းလာခဲ့သည်။
သို့သော် တစ်ဖက်တွင်လည်း နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်တွင် Money Changer များနှင့် အခြားသော နိုင်ငံခြားငွေလဲလှယ်ခြင်းလုပ်ငန်းများ ယခင်ကဲ့သို့ ပုံမှန်မလည်ပတ်တော့သဖြင့် ပြင်ပမှောင်ခို အေးဂျင့်များမှတစ်ဆင့် ငွေလဲလှယ်ခြင်း၊ ငွေလွှဲခြင်းဆောင်ရွက်နေရကြောင်း သိရသည်။ ယင်းအချက်ကြောင့် တရားဝင်ဘဏ်များသို့ နိုင်ငံခြားငွေစီးဆင်းလာစေရန် ဆောင်ရွက်ခဲ့သော်လည်း ထိုက်သင့်သလောက် ဝင်ရောက်လာမှုမရှိခြင်းပင်ဖြစ်သည်။
“အခုက အဆင်မပြေဘူး။ ဟိုအသံ ဒီအသံကြားလို့ ရပ်ထားရတယ်။ နိုင်ငံခြားငွေလဲတဲ့ဟာကတော့ ကြားထဲမှာလုပ်ပေးတဲ့ အေးဂျင့်တွေရှိတယ်။ ငွေဈေး ဒီနေ့ဘယ်လောက်ပေါက်လဲ လှမ်းမေးလိုက်တယ်။ တရုတ်ကို ငွေလွှဲစရာရှိတယ်ဆိုရင် သူတို့ဆီကို ဒီနေ့ပေါက်ဈေးနဲ့လွှဲပြီးတော့ သူတို့ကိုတစ်ခါထဲရှင်းခိုင်းတာ။ Money Changer တွေနဲ့ အလုပ်မလုပ်ဘူး။ လွှဲမယ့်နိုင်ငံနဲ့သက်ဆိုင်တဲ့ အေးဂျင့်တွေရှိတယ်။ ဒါတွေကတော့ Black Money တွေနော်။ တရားဝင်မဟုတ်ဘူး။ ဘဏ်ကနေလည်း သွားလုပ်လို့ရတယ်။ ဘဏ်ကကျတော့ ဈေးများတယ်။ မကိုက်ဘူး။ ဥပမာ အပြင်မှာ ယွမ်က ၄၈၀ ကျပ် ပေါက်နေတယ်ဆိုရင် ဘဏ်မှာက ၄၉၀ တို့ ၄၉၃ ကျပ်တို့ပေါ့။ ဒါပေမဲ့သူကတော့ ငွေဖြူဖြစ်သွားတယ်။ တရားဝင်အာမခံရှိတယ်။ သိန်းထောင်နဲ့ချီလုပ်တဲ့သူဆို ယွမ် သိန်းနဲ့ချီပြီလေ။ အဲဒါဆို သိန်း ၄၀၊ ၅၀ လောက်ကွာသွားတာ။ ဒါကတော့ တရုတ်ယွမ်ပေါ့နော်။ ဒေါ်လာကိုတော့ ဘယ်လိုလုပ်လဲမသိဘူးနော်။ ဒါက တရုတ်ဘက်နဲ့ လုပ်နေတာကြတာကိုပြောတာ” ဟု တရုတ်နိုင်ငံထုတ် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ အရောင်းအဝယ် ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် စက်တင်ဘာလ ၂၀ ရက်တွင် ရွှေဈေးနှုန်း ၃,၅၅၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၄၅ ကျပ်၊ စက်တင်ဘာလ ၂၁ ရက်တွင် ရွှေဈေးနှုန်း ၃,၅၅၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၂၀ ကျပ်၊ စက်တင်ဘာလ ၂၂ ရက်တွင် ရွှေဈေးနှုန်း ၃,၅၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၄၀ ကျပ်၊ စက်တင်ဘာလ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၃,၅၂၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။