၂၅. ၉. ၂၀၂၃
Written by Nay Moe
ရေကျော်စျေးအနီး အမျိုးသမီးငယ်တစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ပြီး ဖောက်ခွဲမှုများဖြင့် ထောင် ၂၇ နှစ်ကျနေသည့် Pazundaung Botahtaung Youth Strike Committe (PBYSC)နှင့် 44st Under Ground Club မှ တရားခံမင်းဟိန်းခန့် မှာ စက်တင်ဘာ ၂၄ ရက်က အင်းစိန်ထောင်တွင်း နှလုံးရပ် သေဆုံးခဲ့သည်ဟု ကနဦးသတင်းများအရ သိရှိရသည်။
၂၀၂၁ ခုနှစ် ဩဂုတ် ၂၁ ရက်က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းတွင် တိုက်ခန်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးချိန် ခုန်ချသွားသည့်ဖြစ်စဥ်မှ နောက်ဆက်တွဲတရားခံ ၉ ဦးကို နိုဝင်ဘာ ၂၁ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၌ ဖမ်းမိခဲ့ပြီး ထိုတရားခံများတွင် နိုင်ရဲထွန်း(၂၉)နှစ်၊ လင်းထက်ဆန်း (၃၁)နှစ်၊ နန္ဒအောင်လင်း(၂၃)နှစ်၊ ဇင်မင်းထက်(၁၈)နှစ်၊ မင်းဟိန်းခန့်(၁၉)နှစ်၊ ဆုမြတ်ထွေး (၂၃)နှစ်၊ ဇင်ကိုဟိန်း (၂၇)နှစ်၊ ရဲလင်းအောင်(၃၇)နှစ်၊ ဖန်မှူးအိမ် (၁၇)နှစ်တို့ ၉ ဦးအား ဖမ်းဆီးရမိခဲ့သည်။ ထိုဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ မင်းဟိန်းခန့်မှာ ၂၀၂၁ အောက်တိုဘာ ၂၆ ရက်က ရေကျော်စျေးအနီးတွင် အမျိုးသမီးငယ်တစ်ဦးကို ပစ္စတိုသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သည့်အပြင် ဒေါပုံနှင့် လှိုင်မြို့နယ်များ၌ မိုင်းခွဲဖျက်ဆီးခြင်း၊ ကင်းထောက်ကြည့်ရှုပေးခြင်းများ ဦးဆောင်လုပ်ခဲ့သူဖြစ်ပြီး ထိုသို့သော အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် မင်းဟိန်းခန့်မှာ ၅၀၅-(က), ပက-၃, ပက-၅, ၃၀၇ အပါအဝင် အခြားအမှုများဖြင့် တရားစွဲဆိုခံခဲ့ရပြီး စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခြင်းခံထားရသူဖြစ်သည်။
မင်းဟိန်းခန့် (ခ) အားကျယ် (ခ) မိုင်လို ကနဦးသတင်းများအရ နှလုံးရပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ယနေ့နံနက် ၉ နာရီတွင် မိသားစုဝင်အချို့နှင့် မိတ်ဆွေများက အင်းစိန်ထောင်ရှေ့စုရပ်လုပ်ကာ လိုက်လံပို့ဆောင်ကြမည်ဖြစ်ကြောင်း မိတ်ဆွေများက ရေးသားထားသလို မင်းဟိန်းခန့်၏ ရှေ့နေဖြစ်သူကလည်း ၎င်း၏အမှုသည်မှာ အင်းစိန်ထောင်ဆေးရုံတွင်ကွယ်လွန်ကြောင်း သိရ၍ ဝမ်းနည်းမိကြောင်း အတည်ပြုရေးထားသည်ကို တွေ့ရသည်။