၂၅.၉.၂၀၂၃
Written by Peya
သာကေတ ကျောက်တိုင်မှတ်တိုင်အနီးတွင် ယမန်နေ့ည သန်းခေါင်ယံအချိန်တွင် အရှိန်လွန်တက္ကစီက လမ်းဘေးကြော်ငြာဆိုင်းဘုတ်ကို ဝင်တိုက်မိသောကြောင့် ယာဉ်မောင်းသေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ ရက် ညပိုင်း ၁၁ နာရီခွဲ အချိန်ခန့်က သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး ကျောက် တိုင်မှတ်တိုင်အနီး Max ဆီဆိုင်အရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ညပ်နေသည့် အသက် ၃၅ နှစ်အရွယ်ခန့် ယာဉ်မောင်းကို ရင်ဘတ်နှင့် ဒူးခေါင်းဒဏ်ရာတို့ဖြင့် ကယ်ထုတ်ပေးခဲ့ရခြင်း ဖြစ်သည်။
“ကြော်ငြာဆိုင်းဘုတ်ကို ဝင်တိုက်တာပါ။ ကားက ရှေ့တစ်ခြမ်း တော်တော်ပိန်သွားတာ။ ကယ်ထုတ်တုန်းကတော့ စကားမေးတွေ ဘာတွေ ရပါတယ်။ ညပ်တာက ဆွဲထုတ်လို့ရတယ်။ ဒိုင်နာတွေလို လူညပ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဆောင့်မိတာတို့ ဘာတို့ဖြစ်ပြီး ကိုယ်တွင်းကလီစာ တစ်ခုခုဖြစ်သွားလို့ နေမှာပါ” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
လူနာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကာ စက်တင်ဘာ ၂၅ ရက် နံနက်အစောပိုင်း ၂ နာရီခွဲအချိန်ခန့်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု သိရကြောင်းလည်း အဆိုပါအသင်းထံက သိရသည်။