၂၅.၉.၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ သာကတေမြို့နယ်တွင် စက်ဘီးစီးလာသည့် အလယ်တန်းကျောင်းသားကို ကားတစ်စီးက တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်း ၈ နာရီခွဲအချိန်က သာကေတမြို့နယ် မြင်တော်သာလမ်းမကြီး ကျောင်းကွေ့မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် ကျောင်းသားငယ်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာရကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
“တစ်ယောက်က သတင်းပို့တာပါ။ ဘယ်သူတိုက်သွားမှန်းလည်း မသိဘူး။ အဲ့ဒီနားမှာ သူ (ကျောင်းသားကလေးငယ်) က ခွေနေတော့ သွားပြီးတော့ခေါ်ပြီး ဆေးရုံကြီးကို ပို့ပေးလိုက်တာပါ။ ကားသမားက တိုက်ပြီး ပြေးသွားတာပါ။ (လူနာကို) ဘေးနားက အဆောင်ကလေးဆီ ရွှေ့ထားပြီး ကျွန်တော်တို့ကို ခေါ်ထားတာပါ” ဟု အထက်ပါတာဝန်ရှိသူက MT News သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေကာ ကားတိုက်ခံရသူမှာ အလယ်တန်းကျောင်းသားငယ်ဖြစ်ပြီး မစိုးရိမ်ရ ဒဏ်ရာရသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ကျောင်းကတော့ သူ့မိဘတွေကို စုံစမ်းနေပါတယ်။ ရဲက ဆက်လုပ်မှာပါ” ဟု ၎င်းက ဆိုသည်။