၂၄. ၉. ၂၀၂၃
Written by Nay Aung
မြန်မာ့နိုင်ငံရေး အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်နိုင်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌသုံးနိုင်ငံပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို လာအိုနိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ချိန်အတွင်း စတင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေချိန်အတွင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) ဥက္ကဋ္ဌ Mirjana Spoljaric နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာ့နိုင်ငံရေး အခက်အခဲများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်ကျင်းပခဲ့သော ၄၃ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်း အဝေးအတွင်း အာဆီယံအဖွဲ့ခေါင်းဆောင်များသည် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် အာဆီယံဥက္ကဋ္ဌ သုံးနိုင်ငံပူးပေါင်းကိုင်တွယ်မည့်အစီအစဉ်ကို သဘောတူညီခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံသည် ပြီးခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် အဖွဲ့၏ အမှတ်အသားဖြစ်သောတူကို လွှဲပြောင်းယူခဲ့သော်လည်း လာမည့်နှစ်တွင်မှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူမည်ဖြစ်သည်။
မြန်မာ့အရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌများပူးတွဲတာဝန်ယူမည့်အစီအစဉ်တွင် ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၊ ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် လာအိုနိုင်ငံ၊၂၀၂၅ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် မလေးရှားနိုင်ငံတို့ ပူးပေါင်းကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင်အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးချိန်တွင်လည်း မြန်မာပြည်သူများကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမှုများအပါအဝင် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် ကြိုးပမ်းခဲ့ပြီး မြန်မာနိုင်ငံရေးအခက်အခဲတွင် ပါဝင်နေသည့်အဖွဲ့အစည်းများနှင့်အကြိမ်ပေါင်းများစွာ ဆက်သွယ်ဆွေးနွေးခဲ့ဖူးကြောင်းသိရသည်။
Ref; antaranews