၂၃. ၉. ၂၀၂၃
Written by Nay Moe
ဒလန်ဟုဆိုကာ သတ်ဖြတ်မှုနှင့် ပြည်သူ့စစ်ဟုဆိုကာ သတ်ဖြတ်တိုက်ခိုက်မှုများကြောင့် စက်တင်ဘာ ၂၀ ရက် တစ်နေ့တာအတွင်း ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်များအနက် စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာသို့ PDF အဖွဲ့ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး အဆိုပါကျေးရွာမှ ဦးတိုးဝင်း(၅၄)နှစ်အား ပြည်သူ့ စစ်ဆိုကာ သတ်ဖြတ်ခဲ့သလို ၎င်းဇနီးဖြစ်သူ ဒေါ်ပပဝင်း(၃၀)နှစ်ကိုလည်း သတ်ဖြတ်ခဲ့သည်။ အလားတူ နံနက် ၈ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၊ အယ်ဖာဘိလပ်မြေစက်ရုံသွားသည့် လမ်းခွဲအနီး၌ အမျိုးသား ၄ ဦးသေဆုံးနေမှုလည်း တွေ့ရှိခဲ့ရသည်။
ထိုနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာနေ ဒေါ်ကုလားမ (၇၀)နှစ်သည် အဆိုပါကျေးရွာနေ ၎င်း၏သမီး မယဉ်ယဉ်နု၏နေအိမ်၌ ရှိနေစဉ် PDF ၅ ဦး (စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး၊ ဒလန်”ဟုစွပ်စွဲကာ ဒေါ်ကုလားမကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရုံးစည်လေးကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ယာခင်းအတွင်း၌ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဒေါ်ကုလားမတွင် ဦးခေါင်းနှင့် နောက်ကျော၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ညောင်ပင်သာကျေးရွာနေ ဦးချစ်လွင် (၅၂)နှစ်၏ နေအိမ်အရှေ့သို့ KIA နှင့် PDF များ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဦးချစ်လွင်တွင် ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ၎င်း၏ဇနီး ဒေါ်ခင်ရ(၆၁)နှစ်နှင့် သမီးဖြစ်သူ မမေသူလွင်(၂၇)နှစ်တို့ ၂ ဦးတွင် လက်ပြင်နှင့် ယာပေါင်တို့၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဗန်းမော်ခရိုင်ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထို့အတူ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာနေ ရာအိမ်မှူး ဦးမောင်လွင်(၆၂)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် KNU နှင့် PDF အဖွဲ့(အင်အားစိစစ်ဆဲ)တို့ ရောက်ရှိလာပြီး ဦးမောင်လွင်အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ည ၉ နာရီ ၅၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့နေ ဦးဝင်းဇော်(ခ) ဂျက်ကော့ (၅၃)နှစ်သည် ပေါင်မြို့မှ မုတ္တမမြို့သို့ သထုံ-မော်လမြိုင်ခရိုင်ချင်းဆက်လမ်း အတိုင်း Honda Fit မော်တော်ယာဉ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် အလယ်ကျေးရွာအနီး အရောက် လမ်းဘေး၌ အသင့်စောင့်ဆိုင်းနေသည့် PDF များနှင့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ)တို့က သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ရာ ဦးဝင်းဇော်(ခ)ဂျက်ကော့တွင် ဦးခေါင်းနှင့် ပါးတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။