၂၂.၉. ၂၀၂၃
Written by Nay Moe
မတ္တရာ၊ မြင်းခြံနှင့် သရက်ချောင်းမြို့နယ်တို့တွင် ဇနီးမောင်နှံ ၂ ဦးအပါအဝင် လူ ၉ ဦး နှစ်ရက်အတွင်း သ-တ်ဖြ-တ်ခံရမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်များမှာ စက်တင်ဘာ ၁၉ ရက် နံနက် ၇ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဥက္ကံကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မတ္တရာမြို့နယ်၊ နံ့သာမြိုင်ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးဝင်းကျော်ကျော်(၄၄)နှစ်သည် ဥက္ကံကျေးရွာမှ နံသာမြိုင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လာစဉ် ဥက္ကံကျေးရွာရှိ ပြန်လည်သန်စွမ်းရေးဆေးရုံ (အထက်မြန်မာပြည်)အနီးအရောက် လားရာတူနောက်မှ PDF ၄ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် မောင်းနှင်လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းကျော်ကျော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၈ နာရီခွဲအချိန်တွင် မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံမြို့နယ်၊ ရွှေဘုံသာကျေးရွာနေ ဦးမောင်မောင်(၅၃)နှစ်သည် ၎င်း၏နေအိမ်မှ နဘူးအိုင်ကျေးရွာသို့ ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် နဘူးအိုင်ကျေးရွာ အဝင်ဆိုင်းဘုတ်အနီးအရောက် လားရာတူနောက်မှ အကြမ်းဖက်သူ အမျိုးသား ၆ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၃ စီးဖြင့် မောင်းနှင်လိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမောင်မောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ည ၈ နာရီခွဲအချိန်တွင် မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးစိုးမိုး(ခ)စွန်ရဲ(၄၁)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် PDF ၁၀ ဦး(စိစစ်ဆဲ)က လက်နက်များကိုင်ဆောင် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးစိုးမိုး(ခ)စွန်ရဲတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယင်းအပြင် စက်တင်ဘာ ၂၀ ရက် နံနက် ၆ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာသို့ PDF အဖွဲ့ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ ဦးတိုးဝင်း(၅၄)နှစ်၊ ၎င်းဇနီးဖြစ်သူ ဒေါ်ပပဝင်း(၃၀)နှစ်နှင့် တစ်ရွာတည်းနေ ဦးသောင်းစိန်(၇၀)နှစ်တို့အား သေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြ-တ်သွားခဲ့သဖြင့် ဦးတိုးဝင်းနှင့် ဒေါ်ပပဝင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးသောင်းစိန်တွင် ကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဥ်တွင် ဦးတိုးဝင်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်၍ PDF များက သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။
အထက်ပါဖြစ်စဥ်များအပြင် နံနက် ၈ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာ၊ အယ်ဖာဘိလပ်မြေစက်ရုံသွားသည့် လမ်းခွဲအနီး၌ အမျိုးသား ၄ ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အသက်(၅၆)နှစ် ခန့်ရှိအမျိုးသား ၁ ဦး(စိစစ်ဆဲ)၊ အသက်(၄၃)နှစ်ခန့်ရှိ အမျိုးသား ၁ ဦး(စိစစ်ဆဲ)၊ အသက်(၃၈)နှစ် ခန့်ရှိ အမျိုးသား ၁ ဦး(စိစစ်ဆဲ)နှင့် အသက်(၅၂)နှစ်ခန့်ရှိ အမျိုးသား ၁ ဦး(စိစစ်ဆဲ)တို့တွင် သေနတ်၊ ဓားဒဏ်ရာများဖြင့် အသီးသီးသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးနိုင်ရေး သေဆုံးသူများအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။