MT News
Written by Min Mahar
ရာအိမ်မှူးအမျိုးသားတစ်ဦးကို PDF များက သေနတ်ဖြင့်ပစ်သတ်မှု မတ္တရာမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ နံ့သာမြိုင်ကျေးရွာတွင် နေထိုင်သော အသက် ၄၄ နှစ်အရွယ် ရာအိမ်မှူးသည် ယမန်နေ့(စက်တင်ဘာ ၁၉ ရက်) မနက်ပိုင်းက နံ့သာမြိုင်ကျေးရွာနှင့် ၂ မိုင်ခန့်ဝေးသည့် ဥက္ကံကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားရောက်ဈေးဝယ်၍ နံ့သာမြိုင်ကျေးရွာသို့ ပြန်လာစဉ် ဥက္ကံကျေးရွာရှိ ပြန်လည်သန်စွမ်းရေးဆေးရုံ(အထက်မြန်မာပြည်) ကုတင်- ၇၀၀ ဆံ့ဆေးရုံအနီးအရောက်၌ လားရာတူနောက်မှ ဆိုင်ကယ် ၂ စီးဖြင့်လိုက်ပါလာသည့် PDF အဖွဲ့မှ အမျိုးသား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်ပြီး မန္တလေး-မိုးကုတ်လမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါပစ်ခတ်ခဲ့မှုကြောင့် ရာအိမ်မှူးသည် လည်ပင်းကို ကျည်ဖောက်ဝင် ဖောက်ထွက်သွားသည့်ဒဏ်ရာ ၂ ချက်၊ ဝဲဘက်နားထင်မှ ယာဘက်ပါးသို့ ဖောက်ဝင်သွားသော ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက် ခြေမျက်စေ့၊ ခြေဖမိုးတို့လည်း ပွန်းပဲ့ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ယင်းအခင်းဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာအနီးမှ 9mm Luger ကျည်ခွံ ၁ ခုအား တွေ့ရှိ၍ သိမ်းဆည်းခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်သွားသူများအား အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။