၂၀. ၉. ၂၀၂၃
Written by Min Mahar
ရေး-ထားဝယ်ကားလမ်းတွင် ခရီးသည်တင်ယာဉ်ငယ်တစ်စီးအား PDF အဖွဲ့များမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသားတစ်ဦး ပေါင်နှင့် မတော်ရာကို ကျည်ထိမှန်မှု ရေဖြူမြို့နယ်တွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၁၉ ရက်)ည ၈ နာရီ ၃၀ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ သာယာမွန်ကျေးရွာနှင့် မိုင်(၆၀) ကျေးရွာကြား၊ ရေး-ထားဝယ်ကားလမ်းပေါ်တွင် ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ထွက်ခွာလာသော ခရီးသည် ၄ ဦး လိုက်ပါလာသည့် Probox (အဖြူရောင်)တက္ကစီအငှားယာဉ်အား PDF အဖွဲ့များမှ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် ယာဉ်ပေါ်ပါလာသည့် ခရီးသည် အမျိုးသားတစ်ဦးသည် မတော်ရာနှင့် ဝဲဘက်ပေါင်ကျည်ဖောက်ထွက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး တာဝန်ရှိသူများမှ နီးစပ်ရာဆေးရုံတွင် လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်းလည်း သိရသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် PDF များခိုအောင်းသည့် နေရာများသို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့်အသိုင်းအဝိုင်းများမှ သိရသည်။