၁၈. ၉. ၂၀၂၃
Written by Nay Moe
ရေးမြို့နယ် သတင်းတပ်ဖွဲ့မှ ရဲအုပ်မြင့်လွင်အား ရေးဘီလူး PDF အဖွဲ့က ရေးမြို့ပေါ်တွင်ပင် ပစ်ခတ်သ-တ်ဖြတ်မှု ယနေ့ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ ယနေ့မနက် ၁၀ နာရီ ၄၇ မိနစ်ခန့်က မွန်ပြည်နယ်၊ ရေးမြို့လယ်ခေါင်၊ အောင်သုခရပ်ကွက်တွင် Honda Fit ယာဥ် မောင်းနှင်လာသော ရေးမြို့နယ် သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်မြင့်လွင်ကို ရေးဘီလူး PDF အဖွဲ့ဝင် ၂ ဦးက ဆိုင်ကယ်ဖြင့် နောက်ယောင်ခံလိုက်ကာ M4 သေနတ်အရှည်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ရာမှ ကားအတွင်း၌ပင် ဦးခေါင်းပွင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဥ်တွင် ဦးခေါင်းကျည်ထိမှန်သေဆုံးသူမှာ ရေးမြို့နယ် သတင်းတပ်ဖွဲ့မှ ရဲအုပ် မြင့်လွင်ဖြစ်ကြောင်း အတည်ပြုရေးသားနေပြီး အခင်းဖြစ်သည့်နေရာတွင်ပင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း တွေ့ရှိရသည်။
ယခုရက်ပိုင်းအတွင်း PDF များက ရဲတပ်ဖွဲ့ဝင်များကိုသာ ပစ်မှတ်ထားသတ်ဖြတ်လာနေပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်ကလည်း မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန်းမင်းစိုးနှင့် ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းတို့အား စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၊ ရွှေဘုံသာဘုန်းကြီး ကျောင်းအနီးတွင် PDF ၁၀ ဦးခန့်က ပစ်ခတ်သတ်ဖြတ်ကာ ကားလုယက်မှုဖြစ်ခဲ့ပြီး ထိုဖြစ်စဥ်တွင် ဒုရဲအုပ်ဇနီးမောင်နှံသေဆုံးသည့်အပြင် ၂ နှစ်အရွယ်သားငယ်ဖြစ်သူပါ ကျည်ထိမှန်ဒဏ်ရာရခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။