၁၄. ၉. ၂၀၂၃
Written by Nay Aung
ရုရှားနှင့် မြန်မာနိုင်ငံတို့သည် ခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်စေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်မည့် နားလည်မှုစာချွန်လွှာကို စက်တင်ဘာ ၁၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားအခြေစိုက်မီဒီယာများက ဖော်ပြထားသည်။
ရုရှားနိုင်ငံတွင်ကျင်းပနေသော အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ ရုရှားခရီးသွားလုပ်ငန်းရှင်များနှင့် ရုရှားမီဒီယာသမားများကို မြန်မာနိုင်ငံသို့ သွားရောက်လေ့လာနိုင်ရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxim Reshetnikov ကပြောသည်။
၎င်းက ” ကျွန်တော်တို့ဟာ မြန်မာခရီးသွားထုတ်ကုန်တွေအပြင် ထူးခြားတဲ့ သဘာဝ၊ သမိုင်းနဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှုတွေရှိတဲ့ ဒီထူးခြားတဲ့နိုင်ငံကို ရုရှားခရီးသွားအများအပြား အပန်းဖြေခရီးထွက်ချင်အောင် ဖြစ်နိုင်သမျှ အကူအညီပေးသွားဖို့ အဆင့်သင့်ရှိနေပါတယ်။ ရုရှားနဲ့ မြန်မာနိုင်ငံကြား လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုတွေနဲ့အတူ မြန်မာနိုင်ငံဟာ ရုရှားခရီးသွားတွေကို ပိုမိုလက်ခံရရှိဖို့နဲ့ နီးကပ်မှုတွေဖြစ်လာနိုင်တယ်”ဟုပြောသည်။
ရုရှားနှင့် မြန်မာနိုင်ငံတို့သည် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သောသတင်းအချက်အလက်များ ဖလှယ်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲများကျင်းပရေး စသောအချက်များကိုလည်း သဘောတူညီခဲ့ကြောင်း သိရသည်။ ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက မြန်မာအပါအဝင် အာဆီယံနိုင်ငံများမှ ခရီးသွားလုပ်ငန်းကိုယ်စားလှယ်များကို ရုရှားဘာသာစကား သင်ကြားပေးမှုများကို မကြာခင်စတင်မည်ဖြစ်ကြောင်း ပြောသည်။
“မြန်မာနဲ့ ရုရှားနိုင်ငံကြား ခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်စေဖို့ ပူးပေါင်းဆောင်ရွက်မယ့်နားလည်မှုစာချွန်လွှာဟာ နှစ်နိုင်ငံကြားမှာ ခရီးသွားလုပ်ငန်းပိုမိုကောင်းမွန်စေမယ့်အလားလာတွေဖြစ်လာနိုင်တယ်။ နှစ်နိုင်ငံကြား ခရီးသွားအရေအတွက် လာရောက်မှုများပြားလာမှုတွေ၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု အရည်သွေးတွေကို ပိုမိုကောင်းမွန်လာဖွယ်ရှိနေပါတယ်”ဟု ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက ပြောသည်။
Ref; business-gazeta