၉. ၉. ၂၀၂၃
Written by Min Mnahar
ကျိုက်ထိုမြို့နယ်တွင် ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)နှင့် ဇနီးဖြစ်သူတို့နှစ်ဦးသည် သားဖြစ်သူအား ကျောင်းကြိုပြီးပြန်လာစဉ် နေအိမ်ရှေ့အရောက် PDF နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားသောကြောင့် ဇနီးဖြစ်သူသေဆုံးကာ သားအဖနှစ်ဦးဒဏ်ရာရရှိမှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံအခြေစိုက်ပရဟိတအသင်းအဖွဲ့များထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက်နေ့(ယမန်နေ့)ညနေ ၅ နာရီခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ ဘူတာလမ်းသွယ်(၁)လမ်းတွင်နေထိုင်ကြသော အသက် ၄၈ နှစ်အရွယ် မြို့နယ် YMBA အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)နှင့် ဇနီးဖြစ်သူတို့နှစ်ဦးသည် သားဖြစ်သူကို ၎င်းတို့ပိုင်ယာဉ်ဖြင့် ကျောင်းကြိုပြီး နေအိမ်သို့ပြန်လာစဉ် ဆိုင်ကယ် ၁ စီးဖြင့် PDF နှစ်ဦးက ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ ကျိုက်ပိကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူသည် ယာဘက်ဦးခေါင်းဂျိုစောင်းကို ကျည်ဖောက်ထွက်သွားသောဒဏ်ရာ ၁ ချက်ရရှိ၍ နေရာတွင် သေဆုံးသွားခဲ့ပြီး ဒုဗိုလ်မှူးကြီး(ငြိမ်း)တွင် ယာဘက် လက်ခုံဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် သားဖြစ်သူတွင်လည်း ယာဘက်မျက်လုံးကို ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)ရရှိခဲ့သဖြင့် ၎င်းဒဏ်ရာရရှိသူနှစ်ဦးနှင့် သေဆုံးသွားသောအလောင်းအား ဒေသခံပရဟိတအဖွဲ့ယာဉ်ဖြင့် ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။