၈. ၉. ၂၀၂၃
Translated by Htwe Ko Tun
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ ဂျာကာတာမြို့၌ ကျင်းပနေသော ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီးတွင် လာအိုဝန်ကြီးချုပ် ဆန်ဆေး ဆီဖန်ဒွန်က အာဆီယံအသင်း၏ ၂၀၂၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုထံမှ စက်တင်ဘာ ၇ ရက်တွင် လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။
လာအိုဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်နေစဉ် ပိုမိုဆက်သွယ်မှုရှိကာ ကြံ့ကြံ့ခံရပ်တည်နိုင်သော အဖွဲ့ကြီးဖြစ်လာစေရန် အာဆီယံကိုတည်ဆောက်သွားမည်ဟု ကတိပြုခဲ့သည်။ ထို့အတူ လာအိုဝန်ကြီးချုပ် ဆန်ဆေး ဆီဖန်ဒွန်က အာဆီယံထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့၍ အင်ဒိုနီးရှားသမ္မတ၊ အစိုးရနင့်ပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောခဲ့သလို အလှည့်ကျဥက္ကဋ္ဌ တာဝန်ကိုထမ်းဆောင်ခွင့်ရ၍ ဝမ်းသာဂုဏ်ယူပါကြောင်းလည်း ၎င်းကဆက်လက်ပြောခဲ့သည်။
ထို့ပြင် ၎င်းက ‘ဆက်သွယ်မှုရှိရေးနှင့် ကြံ့ကြံ့ခံနိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်ရေး’ ဟူသည့် အဓိက ရည်ရွယ်ချက်ဖြင့် လာအိုနိုင်ငံအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လက်ထွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ၏ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်အပြောင်းအလဲများကို ဖြေရှင်းရန်အခွင့်အလမ်းများ ဖန်တီးသွားမည်ဟုလည်း ပြောခဲ့သည်။
လာအိုဝန်ကြီးချုပ်အနေဖြင့် အမှတ်သညာအားဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကိုလွှဲပြောင်းယူခဲ့သော်လည်း ထိုတာဝန်ကို ၂၀၂၄ ခုနှစ်တွင်မှ စတင်ထမ်းဆောင်ရမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် မလေးရှားက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် မြန်မာအစား ဖိလစ်ပိုင်က အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသွားမည်ဟုလည်း သတင်းများကဆိုသည်။
အာဆီယံအစည်းအဝေး၌ အာဆီယံ-ရုရှား စီးပွားရေးကောင်စီဥက္ကဋ္ဌ အီဗန် ပိုလျာကော့ဗ်က ၂၀၂၄ ခုနှစ်တွင် အာဆီယံ-ရုရှားထိပ်သီးဆွေးနွေးပွဲကို လာအိုနိုင်ငံ၌ကျင်းပသွားရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။ ပထမအကြိမ် အာဆီယံ-ရုရှားထိပ်သီးဆွေးနွေးပွဲကို မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့ ၌ ၂၀၁၅ ခုနှစ်၊ဒီဇင်ဘာလက ကျင်းပခဲ့ဖူးသည်။
Ref—— The Laotian Times