၈. ၉. ၂၀၂၃
Written by Hey Mahn
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်း မင်းရဲကျော်စွာလမ်းပေါ်ရှိ ညောင်ပင်မှာ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းကြိုးတွေနဲ့ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့တဲ့ ဖြစ်စဉ် မနေ့က စက်တင်ဘာလ ၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတအသင်းကနေသိရပါတယ်။
သေဆုံးတဲ့ အမျိုးသားဟာ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး သေကြောင်းကြံစည်ခဲ့တဲ့နေရာနဲ့ အနီးအနားရပ်ကွက်တွေက မဟုတ်လို့ မိသားစုဝင်နဲ့ နေရပ်လိပ်စာကိုမသိရှိရသေးဘူးလို့ Happy Taxi Family ပရဟိတအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါတာဝန်ရှိသူက “ညောင်ပင်မှာ လူတစ်ယောက် ကြိုးဆွဲချသေဆုံးနေတယ်ဆိုပြီး ကျွန်တော်စက်တွေထဲကနေကြားရတော့ အနီးအနားလဲဖြစ်နေတာနဲ့ သွားပြီးကူပေးဖြစ်တယ်။ကျွန်တော်တို့ရောက်ပြီးတော့ သက်ဆိုင်ရာကလည်း စစ်ဆေးပြီး အလောင်းကို အပင်ကနေ ကျောက်တံတားအရန်မီးသတ်က ဆရာကြီးက တက်ဖြုတ်တယ်။ အဲ့ဒါကို လင်းလက်လူမှုကူညီရေးအသင်းနဲ့ ကျွန်တော်တို့အသင်း ပူးပေါင်းပြီး ပိုင်ရှင်မဲ့ အလောင်းအဖြစ် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။