၈. ၉. ၂၀၂၃
Written by Nay Aung
အာဆီယံအဖွဲ့အနေဖြင့် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုကို အဖြေရှာနိုင်ရန်အတွက် မြန်မာ့နိုင်ငံရေးတွင်ပါဝင်နေသောအဖွဲ့အစည်းများနှင့် ထိရောက်သောစေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်လိုသည့်အပြင် အပြုသဘောဆောင် သော အဖြေများရရှိအောင် ဆောင်ရွက်လိုကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက စက်တင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးအပြီးသတင်းထောက်များနှင့်တွေ့ဆုံချိန်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ထို့ပြင် အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံ၏ အခြေအနေများကို အပြောင်းအလဲများဖြစ်လာရန် လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း စင်ကာပူဝန်ကြီးချုပ်က ဝန်ခံပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်လီရှန်လွန်းက “မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေနဲ့ စေ့စပ်ဆွေးနွေးမှု လုပ်ဆောင်လိုပါတယ်။ ကျွန်တော်တို့ဟာ သူတို့ကို တစ်ဦးနဲ့တစ်ဦး ဆွေးနွေးနိုင်အောင် အားပေးဖို့ အပြုသဘောဆောင်တဲ့လားရာကို ဦးတည်စေဖို့ လှုံဆော်ဖို့ လိုလားနှစ်သက်ပါတယ်။ မြန်မာနိုင်ငံအတွက် အကျိုးရှိစေမယ့် အဖြေတစ်ခုကို ရရှိအောင် ပူးပေါင်းလုပ်ဆောင်ရဖို့ လိုလားပါတယ်” ဟုပြောသည်။
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌသုံးနိုင်ငံ ပူးပေါင်းပါဝင်မည့်အဖွဲ့ကို တည်ထောင်ရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ သည် မြန်မာနိုင်ငံရေးတွင်ပါဝင်နေသောအဖွဲ့အစည်းများ နှင့် စေ့စပ်ဆွေးနွေးမှုများ ပိုမိုထိရောက်အောင်လုပ်ဆောင်နိုင်မည့် အလားလာရှိနေကြောင်း စင်ကာပူဝန်ကြီးချုပ်က ပြောသည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားနေခြင်းကို ရပ်တန့်နိုင်ရန် အချိန်ယူရဖွယ်ရှိနေကြောင်း၊ မြန်မာနိုင်ငံသို့ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးမှုနှင့်အတူ အငြင်းပွားမှုကို ဖြေရှင်းနိုင်ရန်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ပြောသည်။
စင်ကာပူဝန်ကြီးချုပ်က “ဒီအကျိုးဆက်ရလဒ်များနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ထိတွေ့ဆွေးနွေးမှုများရရှိလာမယ်လို့မျှော်လင့်ထားတယ်။ဒါပေမယ့် အချိန်ယူလုပ်ဆောင်ရဖွယ်ရှိနေတယ်” ဟု ပြောသည်။
Ref; The Straits Times