၈. ၉. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူလ် မိုမန်တို့၏ ဒက်ကာမြို့၌ စက်တင်ဘာ ၇ ရက်က ဆွေးနွေးပွဲတွင် လက်ရော့ဗ်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ဖြစ်ပွားနေသော ဘင်္ဂါလီဒုက္ခသည်များအရေးကို နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခြင်းဖြင့်သာ ဖြေရှင်းရန် ရုရှားနိုင်ငံက ထောက်ခံအားပေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
လက်ဗ်ရော့ဗ် က နှစ်နိုင်ငံအပြန်အလှန်လက်ခံနိုင်သော ပြဿနာ၏အဖြေများကိုရရှိနိုင်ရန် ပြဿနာနှင့်မဆိုင်သော ပြင်ပနိုင်ငံများက စွက်ဖက်ကာ ၎င်းတို့အတွက် အလေးသာသော အခြေအနေများမြင့်တက်လာစေရန် ဝင်ရောက်ကြိုးပမ်းမှုများမပြုသင့်ကြောင်း၊ ရုရှားအနေနှင့် ထိုကဲ့သို့ပင် လက်ကိုင်ထားဆောင်ရွက်ကြောင်းပြော ခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏နှစ်နိုင်ငံအကြား ကုန်သွယ်ရေးငွေပေးချေမှုများ၌ နှစ်နိုင်ငံငွေကြေးများကိုသာ အမြန်ဆုံးအသုံးပြုသွားကြရန်လည်း ဝန်ကြီးနှစ်ဦးက ဆွေးနွေးခဲ့ကြောင်း သိရသည်။နှစ်ဖက် အကျိုးတူဆွေးနွေးမှုပြုအပြီးတွင် ရုရှားအစိုးရ အကူအညီဖြင့်တည်ဆောက်လျက်ရှိသော ၂၀၂၄ ခုနှစ် တွင် စတင်လည်ပတ်နိုင်မည့် Rooppur နျူကလီးယားဓာတ်အားပေးစက်ရုံစီမံကိန်းက သတ်မှတ်အချိန်အတိုင်း ပြီးဆုံးနိုင်မည်ဖြစ်ကြောင်း လက်ဗ်ရော့ဗ်က ပြောကြားခဲ့သည်။ အဆိုပါ နျူကလီယားဓာတ်အားပေးစက်ရုံက လျှပ်စစ်ဓါတ်အား ၂ ဒသမ ၄ ဂစ်ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဟု သိရသည်။
ဆာဂျီ လက်ဗ်ရော့ဗ်က ရုရှားနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်သို့ပထမဆုံးလာရောက်သော ရုရှားနိုင်ငံခြားရေးဝန်ကြီးအဖြစ် စက်တင်ဘာ ၇ ရက်တွင် ဒက်ကာသို့ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်း၏ခရီးစဉ်က ယူကရိန်းအား ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရုရှားအပေါ်အနောက်အုပ်စုနိုင်ငံများက ဖိအားပေးနေကြသည့် အချိန်နှင့်သွားရောက်တိုက်ဆိုင်နေသည်။ အနောက်အုပ်စု၏ပိတ်ဆို့မှုများကြောင့် ရုရှားသင်္ဘောများမှာ Rooppur နျူကလီးယားဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ကုန်ပစ္စည်းများသယ်ဆောင်ရောက်ရှိလာနိုင်ခြင်းမရှိဖြစ်ရကာ ဒေါ်လာနှင့်ငွေပေးချေမှုများလည်း အခက်အခဲဖြစ်နေရသည်။
လက်ဗ်ရော့က ဘင်္ဂလားဒေ့ရှ်သည် ရုရှားနိုင်ငံ၏ တောင်အာရှဒေသတွင် အိန္ဒိယပြီးနောက် ဒုတိယအကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကလည်းတိုးတက် လျက်ရှိကြောင်း၊ Rooppur စက်ရုံစီမံကိန်းက နှစ်နိုင်ငံချစ်ကြည်စွာဆက်ဆံမှု၏ အမှတ်လက္ခဏာလည်း ဖြစ်ကြောင်း ပြောခဲ့သည်။
Ref—- Dhaka Tribune