၇.၉.၂၀၂၃
Written by Peya
စစ်တွေမြို့၏ တစ်ခုတည်းသောညစျေးကို သံပုရာသီးခွဆုံအနီးရှိ မြေကွက်လပ်နှင့် လမ်းမကြီးပေါ်တွင် မကြာမီဖွင့်လှစ်မည်ဖြစ်ပြီး လက်တလောအထိ ဆိုင်ခန်းနေရာ ၁၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က MT News သတင်းဌာနသို့ ပြောသည်။
စစ်တွေမြို့တွင် ယခင်က ညစျေးရှိခဲ့သော်လည်း ကာလတစ်ခုပျောက်ကွယ်ခဲ့ပြီးနောက် ယခုအခါ ညစျေးကို ပြန်လည်ပြု လုပ်ရန် စီစဉ်ခြင်းဖြစ်ပြီး စစ်တွေမြို့၊ သံပုရာသီးခွဆုံအနီးရှိ မြေကွက်လပ်နှင့် လမ်းမကြီးပေါ်တွင် စက်တင်ဘာလ ၉ ရက်မှ စတင် ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်ကာ စျေးရောင်းချချိန်မှာ ညနေပိုင်း ၄ နာရီ မှ ညပိုင်း ၁၀ နာရီအထိ ဖြစ်ကြောင်းလည်း သိရသည်။
“အခု လောလောဆယ် လျာထားတာက ၅ ပေ x ၇ ပေ ဆိုင်ခန်းမြေနေရာက ၆၄ နေရာ၊ ၁၀ ပေ x ၁၅ ပေက ၁၉ ခန်း အဲ့ဒီလို ရိုက်ထားပါတယ်။ ကျွန်တော်တို့ စည်ပင်သာယာအနေနဲ့ စျေးရောင်းဖို့ လျှောက်လွှာခေါ်ချိန်မှာ စုစုပေါင်း ဆိုင်ခန်းမြေနေရာက ၈၃ နေရာ ရှိတာမှာ လျှောက်ထားလာတာက ၁၀၈ ယောက် လျှောက်ထားလာတယ်။ အဲ့ဒီအပေါ်မှာ နောက်ထပ်တိုးပြီးတော့ မြေနေရာ ချပေးရမှာပေါ့” ဟု ဦးရွှေမောင်က ဆိုသည်။
အဆိုပါစျေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပြည်သူများအလုပ်အကိုင်ရစေရန် ရည်ရွယ်ခြင်းဖြစ် ကြောင်းလည်း ၎င်းက ဆိုသည်။
“မြေနေရာက ရှိပါသေးတယ်။ လမ်းဆုံမှာရှိတဲ့ မြေကွက်လပ်မှာပဲ အခုက လုပ်ထားတာ။ စျေးသည်များလာတာနဲ့အမျှ ကျွန်တော်တို့ အကောက်ရုံလမ်းတစ်လျှောက် လမ်းမကြီးနဲ့ ကမ်းနားလမ်းကြားက လမ်း ပေ ၆၀၀ ကျော်မှာ ထပ်ချပေးသွားမှာပါ။ တိုးပြီးတော့ နေရာချထားပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု ဦးရွှေမောင်က ဆိုသည်။
အစားအသောက်ကအစ အဝတ်အထည်၊ လူသုံးကုန်အထိ အဆိုပါ ညစျေးတန်းတွင် ပါလာမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။