MT News
Written by Thettant
အကြမ်းဖက်သူများ၏ မိုင်းခွဲမှုများကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၇၀ အထိ လျော့ကျနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုထံသို့ မဟာဓာတ်အားလိုင်းများနှင့် အမျိုးမျိုးသောဓာတ်အားလိုင်း များဖြင့် လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးလျက်ရှိရာ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ပေးလျက်ရှိသော ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) – တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင် (၂) တိုင်ကို နိုဝင်ဘာ ၃ ရက် ည ၇ နာရီ၊ မိနစ် ၄၀ တွင် အကြမ်းဖက်သူများမှ မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရသဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အား (၇၀) မဂ္ဂါဝပ် လျော့နည်းခဲ့ရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်နေစဉ်အချိန်များတွင်လည်း နှောက်ယှက်တိုက်ခိုက်မှုများရှိခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အသက်ပေးဆပ်ခြင်း ထိခိုက်ဒဏ်ရာ ရရှိခြင်းများလည်း ရှိခဲ့သည်။
အကြမ်းသူများသည် အများပြည်သူသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားလိုင်းများကို မိုင်းခွဲဖျက်ဆီးခဲ့မှုများအနေဖြင့် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် စုစုပေါင်းဓာတ်အား (၂၄၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ဓာတ်အားလိုင်းများဖြစ်သော ၂၃၀ ကေဗွီ ဘီလူချောင်း (၂) – ရွှေမြို့ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် (၁၅) တိုင်အား (၆) ကြိမ်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂) – တောင်ငူ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် (၆) တိုင်အား (၄) ကြိမ်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) – တီကျစ် နှစ်ထပ်ဓာတ်အားလိုင်းမှ တာဝါတိုင် (၂၁) တိုင်အား (၇) ကြိမ် အသီးသီးဖျက်ဆီးခံခဲ့ရသည်များကိုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တပ်မတော်နှင့်ပူးပေါင်း၍ အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်မှုများကိုလည်း ဆက်လက် လုပ်ဆောင်နေရသည်။
ထိုသို့ဆောင်ရွက်မှုများအပေါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူလူထုမှလည်း လျှပ်စစ်ဓာတ်အားလိုင်းများ ထပ်မံဖျက်ဆီးခံရမှု မရှိစေရေး ဝိုင်းဝန်းပူးပေါင်းစောင့်ရှောက်ပေးကြပါရန် ပန်ကြားအပ်ကြောင်း ထုတ်ပြန်ထားသည်။