၆. ၉. ၂၀၂၃
Written by Nyein Kyaw
ပြည်တွင်းဆန်ဈေးနှုန်း ကျဆင်းစေရန် သက်သာသောဈေးနှုန်းနှင့် ဆန်များရောင်းချပေးနေသည့် ဝါးတန်းနှင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်များတွင် မှတ်ပုံတင်တစ်ခုကို တစ်လစာအတွက် ၂၄ ပြည် ဆန်တစ်အိတ်အစား ဆန်အိတ်ဝက် (၁၂ ပြည်)သာ ရောင်းပေးတော့ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရသည်။
“ဆန်က ၂၄ ပြည်မရတော့ဘူး။ ၁၂ ပြည်ပဲရတော့ပါမယ်။ အရင်လိုပဲ မှတ်ပုံတင်တစ်ခုကို တစ်လစာပေါ့။ ဆန်ချော၊ ဆန်ကြမ်း ၁၂ ပြည်အိတ်ပဲရောင်းချပေးတော့ပါတယ်။ ပဏာမလျှော့ချလိုက်တာပါ” ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် Exporter ကုမ္ပဏီကြီးများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်ဈေးနှုန်း တည်ငြိမ်စေရန်အလို့ငှာ ပြည်တွင်းစားသုံးမှုများသည့်ဆန်များကို ဩဂုတ်လ ၇ ရက်မှစတင်၍ ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ဆန်များရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်းမွှေးများ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်များ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၉၄,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား၊ ဧည့်မထ (၁၀ %) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅%) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၀,၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
သို့သော်လည်း အစိုးရ၏ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်ပတင်ပို့မှု ကန့်သတ်ချက်များ၊ ဈေးနှုန်းကန့်သတ်ချက်များ ဆောင်ရွက်မှုများအပေါ် စပါးသိုလှောင်ထားကြသည့် အချို့သော ဆန်စက်ပိုင်များသည် သိုလှောင်ထားသော စပါးများကို ကြိတ်ခွဲခြင်းမပြုဘဲ ဆန်ချောမထွက်အောင် လုပ်ဆောင်မှုများရှိနေသဖြင့် ဈေးကွက်အတွင်း ဆန်ဝင်ရောက်မှုနည်းနေကြောင်း ဆန်စပါးလုပ်ငန်းရှင်များအချို့ထံမှ သိရသည်။