၄. ၉. ၂၀၂၃
Written by Pan Ei
ဂျပန်နိုင်ငံမှာ လူငယ်မျိုးဆက်သစ်အများစုဟာ ရည်းစားမရှိကြသလို ချိန်းတွေ့ဖို့လည်း ခက်ခဲနေကြတာကြောင့် သူတို့ရဲ့ မိဘတွေက ပွဲလမ်းသဘင်တွေကတစ်ဆင့် သူတို့အတွက် လက်တွဲဖော်ရှာပေးနေကြရပါတယ်။
ဂျပန်နိုင်ငံရဲ့ ကျဆင်းနေတဲ့ အိမ်ထောင်ပြုနှုန်းနဲ့ ကလေးမွေးဖွားနှုန်းကို တိုက်ဖျက်ဖို့ ကြိုးပမ်းမှုအနေနဲ့ ထိမ်းမြားလက်ထပ်ဖို့ အဆိုတင်သွင်းတဲ့ မိဘများအစည်းအရုံးက စီစဉ်ပြီး သမားရိုးကျမဟုတ်တဲ့ ပွဲတစ်ခုအတွက် အိုဆာကာက မိဘတွေက စုရုံးတက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီပွဲကို မိဘ ၆၀ လောက် တက်ရောက်ခဲ့ပြီး တစ်ယောက်ကို ယန်း ၁၄,၀၀၀ (ဒေါ်လာ ၉၆) ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
အဲ့ဒီပွဲမှာ မိဘတွေဟာ အရွယ်ရောက်ပြီး တစ်ကိုယ်တည်းဖြစ်နေတဲ့ သူတို့ရဲ့ သားသမီးတွေအတွက် သင့်တော်တဲ့ လက်တွဲဖော်တွေ ရှာဖွေဖို့ အလားအလာတွေကို ဆွေးနွေးကြပြီး သူတို့ဟာ မြေးရနိုင်တဲ့ အခွင့်အလမ်းတွေ လျော့နည်းလာတဲ့အတွက်လည်း စိုးရိမ်ထိတ်လန့်မှုကြောင့် အခုလိုပွဲတွေ တက်ရတာဖြစ်တယ်လို့လည်း တချို့က ဆိုပါတယ်။
“မိဘတွေအနေနဲ့ သူတို့ရဲ့သားသမီးတွေကို ဒီနည်းနဲ့လက်ထပ်ဖို့ ကူညီတာက အဆင်ပြေတယ်ဆိုတဲ့ အယူအဆက ပိုကျယ်ပြန့်လာပါတယ်” လို့ စီစဉ်သူ ဒါရိုက်တာ Noriko Miyagoshi က ပြောကြားခဲ့ပြီး “အရင်တုန်းက လူတွေက ဒီလိုပွဲတွေကို လာရတာကို ရှက်ကြပေမဲ့ ခုတော့ ခေတ်တွေပြောင်းသွားပြီ” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
အလုပ်ကို အစွဲအလမ်းကြီးပြီး ကြိုးစားလွန်းတယ်လို့ နာမည်ကြီးကာ လူနေမှုစရိတ်တွေလည်း မြင့်တက်လျက်ရှိတဲ့ ဂျပန်နိုင်ငံဟာ အိမ်ထောင်ပြုနှုန်းနဲ့ ကလေးမွေးဖွားမှုတွေ ကျဆင်းနည်းပါးတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ဂျပန်နိုင်ငံ ၀န်ကြီးချုပ် Fumio Kishida က, ကလေးမွေးဖွားခြင်းကိုအားပေးတဲ့ ငွေကြေးမက်လုံးတွေကိုထုတ်ဖော်ပြသခဲ့ပေမဲ့လည်း ကျွမ်းကျင်သူတွေက “အိမ်ထောင်ပြုနှုန်းကို အရင်မမြှင့်ဘဲ ကလေးမွေးဖွားနှုန်းကို မြှင့်တင်ဖို့ ကြိုးစားတာက အလုပ်မဖြစ်နိုင်ဘူး”လို့ ပြောကြားခဲ့ပြီး “အကျပ်အတည်းကို ကိုင်တွယ်မဖြေရှင်းနိုင်ရင် ကြီးမားတဲ့ အကျိုးဆက်တွေ ရှိလာမယ်” လို့လည်း ဂျပန်နိုင်ငံ၊ Chukyo တက္ကသိုလ်မှ လူမှုဗေဒပညာရှင် Shigeki Matsuda က ပြောကြားခဲ့ပါတယ်။
Ref; CNN