၄. ၉. ၂၀၂၃
Translated by Htwe Ko Tun
ကနေဒါနိုင်ငံ၊ အော့တာဝါမြို့တွင် မင်္ဂလာပွဲတစ်ခု၏ အပြင်ဘက်၌ ပစ်ခတ်မှုတစ်ရပ် စက်တင်ဘာ ၂ ရက် ညပိုင်းကဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပစ်ခတ်မှုများက ည ၁၀ နာရီခွဲတွင်ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ထိုနေရာသို့ရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ကွန်ဗင်းရှင်းစင်တာတစ်ခုတွင် ကျင်းပလျက်ရှိသော မင်္ဂလာပွဲအခမ်းအနားသို့ ဧည့်ပရိသတ်များတက်ရောက်ရန် လာရောက်နေကြစဉ် မင်္ဂလာပွဲ၏အပြင်ဘက်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟုလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
သေဆုံးသူများမှာ အသက် ၂၆ နှစ်ရှိ ဆာအက် မိုဟာမက်အလီ နှင့် အသက် ၂၉ နှစ်ရှိ အဗ္ဗဒီရှာကူ အဗ္ဗဒီ- ဒါဟာ တို့ဖြစ်ကြပြီး နှစ်ဦးစလုံးမှာ တိုရွန်တိုမြို့မှဖြစ်ကြောင်းလည်း သိရသည်။ အော့တာဝါမြို့ ရဲတပ်ဖွဲ့က ပစ်ခတ်မှုမှာ မုန်းတီးမှုတစ်စုံတစ်ရာ အကြောင်းခံ၍ ဖြစ်ပွားခဲ့ခြင်းဟု ယူဆရလောက်သည့် အထောက်အထားမတွေ့သေးကြောင်း ပြောခဲ့သည်။
အနီးအနားနေထိုင်သူများ၏ တံခါးဝကင်မရာများ၊ မော်တော်ကားဒစ်ဂျစ်တယ်ကင်မရာများ စသည်တို့မှ ရရှိနိုင်သော မည်သည့်သဲလွန်စကိုမဆို ရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်းရှာဖွေနေပြီး လောလောဆယ်တွင် မသင်္ကာဖွယ်တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးထားခြင်းမရှိသေးဟုဆိုသည်။ အော့တာဝါ ရဲတပ်ဖွဲ့က လူ့အဖွဲ့အစည်းတစ်ခုလုံးကို အနှောင့်အယှက်ဖြစ် ထိခိုက်စေသော ဤသို့အကြမ်းဖက်မှုမျိုးကို လုံးဝလက်မခံနိုင်ကြောင်းလည်းပြောခဲ့သည်။
Ref—– CNN