၄. ၉. ၂၀၂၃
Written by Thettant
Romania နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ IESF World Championship 2023 Dota 2 ပွဲစဥ်ယှဉ်ပြိုင်ကစားပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ်ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ Team Myanmar (Yangon Galacticos) အသင်းဟာ ပြိုင်ဘက်မွန်ဂိုလီးယားအသင်းကို စက်တင်ဘာ ၃ ရက် ညက ကျင်းပတဲ့ Grand Final မှာ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆုနဲ့လွဲချော်ပြီး ဒုတိယသာ ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ ပထမပွဲစဥ်မှာ အနိုင်ရခဲ့ပေမဲ့လည်း Team Mongolia အသင်းအနေနဲ့ သူတို့ရဲ့အကောင်းဆုံးပုံစံတွေ Draft တွေကိုချပြနိုင်ခဲ့ပြီး အနိုင်နဲ့ထိုက်တန်ခဲ့တာကြောင့် ၂- ၁ ဆိုတဲ့ရလဒ်နဲ့ ကမ္ဘာ့ချန်ပီယံဆု၊ ဒေါ်လာ ၅၀၀၀၀ ဆွတ်ခူးပြီး မြန်မာအသင်းကတော့ ဒုတိယဆု၊ ဒေါ်လာ ၃၀၀၀၀ နဲ့ ကျေနပ်ခဲ့ရပါတယ်။
ရိုမေးနီးယားနိုင်ငံမှာ ကျင်းပနေတဲ့ IESF World Championship 2023 ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းက အမေရိကန်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်လာခဲ့တာဖြစ်သလို ဩဂုတ် ၂၉ ရက်ညနေ ငါးနာရီမှာ ဂျော်ဒန်အသင်းနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ Upper Bracket Semi-Final ပွဲစဥ်မှာလည်း ဒေသတွင်းယှဥ်ပြိုင်ချိန် အနိုင်ရခဲ့တဲ့ ဂျော်ဒန်ကို ၂- ၀ နဲ့ အနိုင်ယူခဲ့တာပါ။ ဒါ့အပြင် ဩဂုတ် ၃၀ ရက်မှာ ယှဥ်ပြိုင်ခဲ့တဲ့ Playoffs Stage ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Upper Bracket Final မှာတော့ Team Myanmar အနေနဲ့ Team Kyrgyzstan ကို 2-1 ဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရရှိကာ Grand Final ကိုတက်ရောက်သွားနိုင်ခဲ့ပြီး Grand Final မှာတော့ မွန်ဂိုလီးယားအသင်းကို ရှုံးနိမ့်ခဲ့ရတာပါ။
“ကျွန်တော်တို့ YG Dota 2အသင်းအနေနဲ့ Romania နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ IESF World Championship 2023 မှာတော့ ငွေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ Team Myanmar အဖြစ်သွားရောက်ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိတ်သတ်တစ်ယောက်ချင်းကို ကျေးဇူးတင်ပါကြောင်းပြောကြားရင်းနဲ့ ကျွန်တော်တို့ရဲ့ ရိုမေနီးယားခရီးစဉ်ကတော့ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ နောက်လာမယ့် ပြိုင်ပွဲတွေမှာလည်း အခုထက် ပိုမိုကောင်းမွန်တဲ့ပုံစုံကောင်းတွေနဲ့ ပြန်လာနိုင်ဖို့ ကြိုးစားသွားပါမယ်ခင်ဗျာ”လို့ မြန်မာကိုယ်စားပြု Yangon Galacticos က ပြောပါတယ်။
IESF World Championship 2023 ပြိုင်ပွဲအတွက် Dota-2 National Qualifier အဆင့်မှာ Yangon Galacticos အသင်းဟာ The Immortal ကို အနိုင်ရခဲ့တာလည်းဖြစ်ပြီး မြန်မာကိုယ်စားပြု ဒီ Yangon Galacticos Dota 2 eSports အသင်းမှာတော့ Zaw Rain၊ Skill Lay၊ KSH၊ Young PH နဲ့ Show T တို့ ပါဝင်နေပါတယ်။
News & Photo Credit The Regional၊ Yangon Galacticos