MT News
Written by Phyo Wei
MT News ရဲ့ ဒီတစ်ပတ် စီးပွားရေးသုံးသပ်ချက်တွေအနေနဲ့ဆိုရင် ပို့ကုန်ရငွေရှိမှ သွင်းကုန်တင်သွင်းနိုင်မဲ့အခြေအနေမျိုးတွေ၊ ရွှေစျေးကို ၂၅၃၀၀၀၀ နဲ့ ကန့်သတ်ရောင်းခိုင်းပေမဲ့ အောင်မြင်မှုမရတာတွေ၊ BRI နဲ့ ဆက်နွှယ်နေတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ ဆက်စပ်စီမံကိန်းတွေလုပ်ဖို့ ကြိုးပမ်းလာတာတွေ၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွေ ပြန်အစပြုဖို့ကြိုးပမ်းလာတာတွေကို တင်ပြလို့ရပါတယ်။
ဒါပေမဲ့လည်း တစ်ပတ်ရဲ့ သုံးသပ်ချက်မှာတော့ ပိုက်ဆံချမ်းသာကြွယ်ဝသူတွေဟာ ငွေထုပ်ပိုက်ကင်းစောင့်ရေမဲ့အခြေအနေထက် ဆိုးရွားနေတာတွေ၊ လုယက်သတ်ဖြတ်မှုတွေ ဆိုးဆိုးရွားရွားမြင့်တက်လာတာတွေနဲ့ လက်ရှိအခြေအနေမှာ စီးပွားရေးတိုးတက်လာနေပြီး ထပ်ကြိုးစားရင် ပိုတိုးတက်လာမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့တဲ့ အပေါ်တွေမှာပဲ သုံးသပ်ပြချင်ပါတယ်။
ငွေထုပ်ပိုက် ကင်းစောင့်နေရတဲ့ အခြေအနေ
ငွေချမ်းသာပြီး လုံခြုံမှုမရှိရင် အထုပ်ပိုက်ပြီး ကင်းစောင့် အိပ်နေရမှာဖြစ်သလို ပြည်သူလူထုချမ်းသာရေး လုပ်မပေးနိုင်ရင်လည်း တာဝန်မကျေပါဘူးလို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၁ ရက်မှာ ပြောခဲ့ပါတယ်။
“အဲဒီတော့ ကျွန်တော့်ရဲ့ မူဝါဒမှာ ကျွန်တော်ပြောပြီးဖြစ်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့သည် တိုင်းပြည်က သာယာဝပြောရမယ်။ စားရေရိက္ခာပေါများရမယ်။ ကျွန်တော်တို့ လက်ရှိအထွက်နှုန်းအရ ဆိုလို့ရှိရင် ဆန်လည်းကျွန်တော်တို့ ပိုပါတယ်။ ပဲတွေ ကျွန်တော်တို့ နိုင်ငံခြား တောက်လျှောက်ပို့ပါတယ်။ ဆီထွက်သီးနှံလည်း အလားတူပို့နေတာ ရှိပါတယ်။ အဲ့ဒီတော့ ဒီထက်ပိုအောင်လုပ်နိုင်ဖို့ ကျွန်တော်တို့ အခွင့်အလမ်းရှိပါတယ်။ စောစောက ပြောတဲ့ စိုက်ဧက ၃၃ သန်း၊ အဲ့ဒီစိုက်ဧက ၃၃ သန်းမှာ သီးထပ်တို့၊ သီးညှပ်တို့ ရအောင်စိုက်မယ်ဆိုရင် ကျွန်တော်တို့ အထွက်နှုန်းတွေအများကြီး ပိုလာပါလိမ့်မယ်။ ကျွန်တော်ကလည်း မူဝါဒကတော့ စိုက်ဧကမတိုးချဲ့ဖို့ ပြောထားပါတယ်။ စိုက်ဧကကတော့ မထိခိုက်ဖို့လိုပါတယ်။ လုပ်ချင်လို့ရှိရင် မြေကွက်ဖော်၊ အသစ်ဖော်ပြီးလုပ်ပါ။ စိုက်ပျိုးမြေတော့ လာမထိပါနဲ့။ အဲ့ဒီတော့ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်နဲ့လုပ်မယ်။ သီးထပ်စားရအောင် လုပ်မယ်၊ တိုးမြှင့်အောင်လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းပြည် ဒီထက်ဝင်ငွေများစွာရမှာဖြစ်ပါတယ်။ သေချာပေါက်ဖြစ်ပါမယ်။ ဒါ့ကြောင့် ဒါကိုကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများရော၊ ဝန်ကြီးချုပ်များက နေပြီးတော့ အမြဲတမ်းထည့်သွင်းစဉ်းစားပြီးတော့မှ ဦးစားပေးအနေနဲ့ စားရေရိက္ခာပေါများရေး၊ ထွက်လာတဲ့ဟာ များများရောင်းရလို့ရှိရင် တိုင်းပြည်ဝင်ငွေရရင် တိုင်းပြည်သာယာ ဝပြောမှုဖြစ်မှာပဲ။ တိုင်းပြည်သာယာဝပြော တယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်းလိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေး ဖြစ်ဖို့လည်းလိုတယ်။ ဒါမှတိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန်ဘာလုမလဲဆိုပြီး ဖြစ်နေရမှာ။ ဒါတွေကလည်း ရှိသေးတာပေါ့။ ရည်မှန်းချက်က တကယ့်ကို တိုင်းပြည်အတွက်ဖြစ်သင့်တဲ့ ရည်မှန်းချက်ပါ။ တိုင်းပြည် သာယာဝပြောရေးနဲ့ စားရေရိက္ခာပေါများရေး။ ဒါကို ကျွန်တော်တို့ သွားရမှာဖြစ်ပါတယ်” လို့ SAC ဥက္ကဋ္ဌက ပြောခဲ့တာပါ။
နိုင်ငံ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက် လက်နက်ကိုင်လာပြီး ကာကွယ်ရေးအမည်ခံလုယက်တပ်တွေ၊ EAOs တွေနဲ့ PDF အဖွဲ့အစည်း ၅၀၀ ကျော်အပြင် Local People Defence Force တွေ မှိုလိုပေါက်နေတဲ့နိုင်ငံမှာ လက်နက်ရပြီး သွေးပြောင်းလုယက်မုဒိမ်းကျင့်လာတဲ့ တောကြောင်လက်နက်ကိုင်တွေလည်း ပေါလာတာ မဆန်းပါဘူး။ ဒါကြောင့် နယ်ဘက်၊ ရွာဘက်တွေမှာဆို တော်လှန်ရေးအမည်ခံလက်နက်ကိုင်တောကြောင်တွေကိုကြောက်လို့ တောသူဌေး၊ ရွာသူဌေးတွေဟာ လုံခြုံမှုရှိရာ မြို့တွေပေါ် ပြောင်းရွှေ့နေနေရတဲ့ အခြေအနေလည်း ဖြစ်နေရတာကြာပါပြီ။ ဒီအခြေအနေတစ်ခုက နောက်သုံးလေးနှစ်နဲ့ တည်ငြိမ်ဖွယ်မရှိဘူးလို့လည်း သုံးသပ်နေကြပြီမို့ ဘယ်သူကများ ငွေထုပ်ပိုက်ကင်းစောင့်နေရတာထက်ပိုတဲ့ ရွှေ့ပြောင်းခိုလှုံမှုရှာ ဘဝက လွတ်အောင်လုပ်ပေးနိုင်မလဲဆိုတာကတော့…..။
ပေါများလာတဲ့ လုယက်သတ်ဖြတ်မှုတွေ
နွေဦးတော်လှန်ရေးအစမှာ သူပုန်၊ အကြမ်းဖက်အားပေး၊ ဒလန်၊ သူလျှိုဆိုပြီး အပြန်အလှန်သတ်ဖြတ်ကြတာ ဒလန်၊ သူလျှိုဆိုပြီး စွပ်စွဲပြီးသတ်တဲ့အဖွဲ့က ပြည်သူ ၄၁၀၀ လောက် သတ်ထားပြီး သူပုန်၊ အကြမ်းဖက်ဘက်ကတော့ ၂၄၀၀ လောက်သတ်ထားတယ်လို့ အပြန်အလှန်စွပ်စွဲထားကြပါတယ်။ ဒလန်၊ သူလျှိုဆိုပြီး တွေ့သမျှ အကုန်သတ်တဲ့သူတွေကတော့ လခရတွေကို သတ်နိုင်ခဲ့တယ်လို့ သူတို့ပြောထားတဲ့ လခရ ၂၀၀၀၀ ကျော် သတ်ထားတယ်ဆိုပြီး ပြောထားတာကိုပါ စာရင်းပေါင်းလိုက်ရင် အာဏာလုတယ်ဆိုတဲ့အဖွဲ့ထက် ဆယ်ဆပိုသတ်ထားတာ တွေ့ရပါလိမ့်မယ်။
လက်နက်ကိုင် အဖွဲ့သစ် ၅၀၀ ကျော်ရဲ့ ထိန်းမနိုင်သိမ်းမရ လုယက်သတ်ဖြတ်မှုတွေအောက်မှာ တောကြောင်တွေက ပိုများပြီး လုယက်လာသလား။ ရောင်တော်ပြန်တွေရောလွှတ်လာသလား မသိရပေမဲ့ သေသေချာချာသိရတာကတော့ ကြားထဲက မြေစာပင်ပြည်သူတွေဟာ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ဘုရားမှတစ်ပါး ကိုးကွယ်စရာမရှိအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ဥပမာအားဖြင့် ရန်ကုန်မြို့လယ်ခေါင် ၂၆ လမ်းက သစ္စာအိမ်ဆောက်ပစ္စည်းဆိုင်ကို လူငယ်သုံးယောက်က ဓားနဲ့ထိုးပြီး ငွေတွေ၊ ကားတွေ၊ ဖုန်းတွေလုပြေးတဲ့ဖြစ်စဥ်၊ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနက ဆရာဖြစ်ခဲ့သူ စာပေဗိမာန်စာမူဆုနဲ့ အမျိုးသားစာပေဆုရှင် ဆရာကြီးဦးမြင့်ဝေ (တက္ကသိုလ်ကြယ်ပွင့်) တို့ ဇနီးမောင်နှံကို လုယက်သတ်ဖြတ်ခံရမှုဖြစ်စဥ်တွေ၊ ဘတ်စ်ကားတွေပေါ်မှာ ခါးပိုက်နှိုက်တွေက ပြည်သူလူထုကို ပေါ်တင်ရိုက်နှက်လုယက်လာတာတွေဟာ တရားဥပဒေစိုးမိုးမှုပျက်ယွင်းခြင်းရဲ့ ပြယုဂ်တွေဖြစ်သလို ရဲတပ်ဖွဲ့ဝင်တွေကို PDF က လုပ်ကြံတိုင်း ဝမ်းသာအားရဖြစ်နေကြလို့ အနှစ် ၂၀၊ ၃၀ တာဝန်ထမ်းဆောင်တာတောင် သေနတ်တစ်ချက်ပစ်ဖူးဖို့ မလွယ်ကူတဲ့ ရဲတပ်ဖွဲ့ဝင်တွေ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ဖို့ အားနည်းလာတာတွေနဲ့ ပြည်သူလူထုကြားမှာ အလုပ်အကိုင်ရှားပါးလာပြီး ကုန်စျေးနှုန်းကြီးလာမှုတွေနဲ့ တိုက်ရိုက်ဆက်စပ်ပတ်သက်နေတယ်လို့ပဲ ပြောရတော့မှာပါ။
စီးပွားရေးတိုးတက်လာတဲ့ နိုင်ငံတော်
မြန်မာ့ပြည်တွင်း စီးပွားရေးက တိုးတက်နေပြီး ဆက်ကြိုးစားရင် ထပ် တိုးတက်လာမယ်လို့ SAC ဥက္ကဋ္ဌက နိုဝင်ဘာ ၄ ရက်တုန်းက ထားဝယ်ခရိုင် MSME လုပ်ငန်းရှင်တွေနဲ့ တွေ့ချိန်မှာ ပြောလာပါတယ်။
ဒီနေရာမှာ မြန်မာ့စီးပွားရေးတိုးတက် မတက်ဆိုတာက ပုဂံရာဇဝင်လိုပဲ တုတ်ထမ်းဓားထမ်းပြောရမှာပါ။ SAC ကို တော်လှန်တိုက်ခိုက်နေတဲ့ လူတန်းစားတွေကြားမှာ စီးပွားရေးတိုးတက်နေတယ်ဆိုတာထက် သူတို့တိုက်ခိုက်သတ်ဖြတ်ထားသလို ပြည်သူတွေ အကျပ်တွေ့နေတယ်ဆိုတဲ့ သတင်းမျိုးပဲ ယုံစေချင်မှာဖြစ်သလို SAC ဘက်ကလည်း အိမ်ခြံမြေတွေ ကားတွေ အရောင်းအဝယ်ဖြစ်လာတာ ဒီလောက်ဗုံးခွဲမှုတွေကြားက Bar တွေ Club တွေ ခရီးသွားတွေ များပြားလာတာ ကထိန်ခင်းတာ များလာတာ စီးပွားရေးတိုးတက်လာတာ ယုတ်စွအဆုံး PDF တွေ တိုက်ခိုက်သတ်ဖြတ်ဖို့ လိုသမျှ ဝိုင်းလှုနေကြတာတွေက စီးပွားရေးကောင်းမွန်လာလို့လို့ ပြန်လက်ညှိုးထိုးမှာပါ။
ဒီကြားထဲ ကမ္ဘာ့ဘဏ်လို အာရှဖွံ့ဖြိုးရေးဘဏ်လို လိုတစ်မျိုး မလိုတစ်မျိုး ကမ္ဘာက ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေကတောင် မြန်မာ့စီးပွားရေးတိုးတက်လာနေတယ်လို့ စစ်တမ်းတွေ ထုတ်လာတာဆိုတော့ SAC ဥက္ကဋ္ဌပြောတာက မပြေးသော်လည်း ကန်ရာရှိဆိုသလို စီးပွားရေးတိုးတက်လာတယ်ဆိုတာ ဝန်ခံရမဲ့သဘောပါ။
ဒါဆိုရင်တော့ စီးပွားရေးလည်ပတ်မှုရပ်အောင် ပုံမှန်အလုပ်လုပ်နေသူတွေကို ဆိုင်တွေကို ဗုံးခွဲသတ်ဖြတ် တစ်နိုင်ငံလုံးစျေးတွေဆိုင်တွေပိတ်ပြီး လုပ်ငန်းတွေ အဆင်မပြေရပ်တန့်အောင် Mission တွေချပြီး နိုင်ငံ့စီးပွားပြိုကျနေတယ်လို့ လူတွေယုံလာအောင် ကြိုးစားနေတဲ့ NUG – PDF တွေက လက်ခံမှာမဟုတ်ပါဘူးလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။