၂.၉.၂၀၂၃
Written by Hey Mar
ဝမ်းချူဘောလုံးထုတ်လုပ်တဲ့ ကော်စက်ရုံက ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦး အလုပ်လုပ်နေစဥ် စက်နဲ့ ညပ်ပြီးမတော်တဆ သေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခု စက်တင်ဘာ ၁ ရက် မနက် ၁၁ နာရီကျော်အချိန်က တောင်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မိန်းကလေးဝတ်ဆင်ထားတဲ့ အင်္ကျီမှာ အလှဆင်ထားတဲ့ ဖဲပြားချည်ကြိုး ပြေကျပြီး စက်ထဲ ညပ်ပါသွားရာကနေ လူပါ ပါသွားပြီး စက်နဲ့ညပ်ကာ ဦးခေါင်းတစ်ခြမ်းထိခိုက် သေဆုံးခဲ့တာလို့ ဖြစ်စဥ်ကို သွားရောက်ကူညီခဲ့တဲ့တောင်ဒဂုံ အခြေစိုက် ရှင်သန်ခွင့် ပရဟိတ အသင်းကနေ သိရပါတယ်။
“တောင်ဒဂုံ ၆၄ ရပ်ကွက်က ကော်စက်ရုံမှာ ဖြစ်သွားတာပါ။ ကောင်မလေးက အသက် ၁၈ နှစ်ပဲ ရှိသေးတယ်။ သူ့အမနဲ့ အတူတူ စက်ရုံ လိုက်ဆင်းတာ။ စက်ကိုင်ရတာမျိုးမဟုတ်ဘူး။ စက်ကထွက်လာတဲ့ ကော်စေ့တွေကို အိတ်ထဲ စုပြီးထည့်ပေးရတာ။ ဘယ်က ဘယ်လို သူ့အင်္ကျီစ ညပ်သွားလဲတော့မသိဘူး။ မမြင်လည်း မမြင်လိုက်ကြဘူး။ ဖြစ်လည်းဖြစ် လွန်လည်းလွန်သွားပြီပေါ့။ အခြေအနေက”လို့ အဆိုပါ အသင်းက MT News ကို ပြောပါတယ်။
သေဆုံးသူ မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို စက်ကနေ ဖြုတ်ယူပြီး ရှင်သန်ခွင့် လူမှုကူညီရေးအသင်းယာဥ်နဲ့ စံပြဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။