၂. ၉. ၂၀၂၃
Written by Hey Mar
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ အိမ်စီးယာဉ်တစ်စီးက လမ်းလယ်ကျွန်း သစ်ပင်ကို ဝင်ရောက်တိုက်မိပြီး တစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ် ဒီနေ့ စက်တင်ဘာ ၂ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့က သိရပါတယ်။
ဖြစ်စဥ်ဟာ ဒီနေ့ နံနက် ၈ နာရီခွဲဝန်းကျင်က TOYOTA CROWN အဖြူရောင် ယာဉ်တစ်စီး မောင်းနှင်လာရာကနေ အမြန်လမ်းမိုင်တ်ိုင်အမှတ်(၁၁၃/၄)အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိခရေပင်နဲ့ ထန်းပင်တို့ကို ဝင်ရောက်တိုက်မိရာက ယာဉ်မောင်းအမျိုးသားဖြစ်သူသေဆုံးပြီး ယာဉ်ပေါ်ပါသူ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
အခင်းဖြစ်ပွားရာကို အမြန်လမ်း ၁၁၅ မိုင်က မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးကာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို အမြန်လမ်းကြက်ခြေနီတပ်ဖွဲ့သူနာပြုယာဉ်နဲ့ ဖြူးမြို့နယ် ပြည်သူ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံကနေ သိရပါတယ်။