၂၉. ၈. ၂၀၂၃
Written by Ye Kyaw
သွင်းကုန်အစားနိုင်မည့်လုပ်ငန်းနှင့် ပြည်ပတင်ပို့နိုင်ငံမည့်လုပ်ငန်းများ MSME ချေးငွေများ လျှောက်ထားနိုင်ကြောင်း မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ ယမန်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
UMFCCI ရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် ပြည်တွင်း MSME တို့၏ ကဏ္ဍအလိုက် ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်စေရန်နှင့် တန်းဖိုးမြှင့် သွင်းကုန်အစားထိုး ထုတ်လုပ်ရေးလုပ်ငန်းတို့အတွက် တစ်ဖက်တစ်လမ်းမှ အားပေးကူညီလျက်ရှိပြီး MSME လုပ်ငန်းများ၌ Value Added Production ထုတ်ကုန်များ၊ သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းများချေးငွေ ရရှိနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ချေးငွေလျှောက်ထားနိုင်သည့်လုပ်ငန်းများသည် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးသည့် လုပ်ငန်းများ၊ သွင်းကုန်အစားထိုးနိုင်သည့် လုပ်ငန်းများနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည့် လုပ်ငန်းများအနေဖြင့် ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသော လုပ်ငန်း၊ ချေးငွေအား လုပ်ငန်းဆက်လက်လည်ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုမည့်လုပ်ငန်း ဖြစ်ရမည်ဖြစ်သည်။
ထို့ပြင် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်ရုံးက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင် စာရင်းမှပယ်ဖျက်ခြင်းခံထားရသည့် ကုမ္ပဏီ မဖြစ်စေရ။ ကုမ္ပဏီမဟုတ်သော စီးပွားရေးလုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းက မှတ်ပုံတင်စာရင်းမှဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် စီးပွားရေးလုပ်ငန်း မဖြစ်စေရဟု ဖော်ပြထားသည်။ ဝင်ငွေခွန်/ကုန်သွယ်လုပ်ငန်းခွန်/အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်း၊ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီမဟုတ်ပါက ချေးငွေရယူသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေအား ပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်ရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်/ လုပ်ငန်းလိုင်စင် ရထားပြီးဖြစ်သည့် လုပ်ငန်း၊ လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ရန်နှင့် ဘဏ်တစ်ခုခုမှ ချေးငွေရယူထားပြီးနောက် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျှက်ရှိသည့် လုပ်ငန်းများ၊ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုကြောင့် ဘဏ်တစ်ခုခုက တရားစွဲဆိုခြင်းခံထားရသည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းများ မဖြစ်စေရဟု ဖော်ပြထားသည်။
ချေးငွေများကို သတ်မှတ်ထားသည့် ချေးငွေအတွက် အဆိုပြုလျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည် ဖြစ်ပြီး အဆိုပြုလျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရန်ဖော်ပြထားသည့် စာရွက်စာတမ်း အချက်အလက်များ ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီခြင်းမရှိသည့် လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း အသိ ပေးကြေညာထားသည်။
ချေးငွေလျှောက်လွှာများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ လက်ခံပေးသွားမည်ဖြစ်ပြီး အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ပလပ်စတစ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ အသင်း၊ မြန်မာ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အလှကုန်အသင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း ကုန်သည်စက်မှုအသင်းချုပ်သို့ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
လျှောက်လွှာလက်ခံရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်ထက်ကျော်လွန် တင်ပြလာသည့် လျှောက်လွှာများအား လက်ခံဆောင်ရွက်ခြင်း ပြုမည်မဟုတ်ကြောင်းနှင့် ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်သည်ဟု သိရသည်။