၂၅. ၈. ၂၀၂၃
Written by Peya
ပထမဆုံး နိုင်ငံတကာ ကစားပွဲ အတွေ့အကြုံအနေဖြင့် ဂျပန်နိုင်ငံက U12 Junior World Challenge 2023 တွင် ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ယူ ၁၂ အသင်း အနေဖြင့် ၃ ပွဲ ကစား ၃ ပွဲရှုံး ရလဒ်ဖြင့် နောက်တစ်ဆင့် မတက်နိုင်တော့သော်လည်း ပရိတ်သတ်များက အားပေးခဲ့ကြကြောင်း သိရသည်။
မြန်မာအသင်းသည် ဘာစီလိုနာလူငယ်အသင်း ပါဝင်သည့် အုပ်စု စီ တွင် ကျရောက်နေခြင်းဖြစ်ကာ ယမန့်နေ့ ဩဂုတ်လ ၂၄ ရက်က မြန်မာ့လက်ရွေးစင် ယူ ၁၂ အသင်း၏ ပထမပွဲစဉ်အဖြစ် ဘာစီလိုနာလူငယ်အသင်း နှင့် ယှဉ်ပြိုင်ခဲ့ရာ ၄ ဂိုး ဂိုးမရှိ၊ JEF United Ichihara Chiba အသင်းနှင့် ပွဲတွင် သုံးဂိုး ၁ ဂိုး၊ ယနေ့ ဩဂုတ် ၂၅ ရက်တွင် AIWA HOUSE DREAMS အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ၂ ဂိုး ၁ ဂိုး ဖြင့်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အုပ်စုတွင် ရဂိုး ၂ ဂိုး၊ ပေးဂိုး ၉ ဂိုး ဖြင့် အုပ်စု အောက်ဆုံး၌ ရပ်တည်ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ဆင့် အထိ မတက်နိုင်တော့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာအောက်က မြန်မာ့လက်ရွေးစင် ယူ ၁၂ အသင်း၏ ထုတ်ပြန်ချက်များအောက်တွင် ကောင်းမွန်သော မှတ်ချက်များကို တွေ့ရပြီး ပရိတ်သတ်များက အားပေးစကားများ ရေးသားခဲ့ကြကာ နောင်တစ်ခေတ်အတွက် မျိုးဆက်သစ် ကစားသမားများကို စိတ်ဓာတ်မကျစေရန် ပြောကြားခဲ့ကြသည်။
“ဒါက ကလေးတွေအတွက် အတွေ့အကြုံကောင်းပါပဲ။ အမြဲတမ်း စုဖွဲ့ပြီး လေ့ကျင့်မှု အားကောင်းနေတဲ့ အသင်းတွေကို မယှဉ်နိုင်တာက အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာအသင်းဘက်က ဂိုးသွင်းနိုင်ခဲ့တယ်ဆိုတာဟာ မြန်မာအသင်းဟာလည်း အလားအလာရှိတယ်ဆိုတာကို ပြသတာပါ။ ဒီပွဲတွေကနေတစ်ဆင့် ခွန်အားဖြစ်သွားမယ်လို့ ကျွန်တော် ထင်တယ်။ အရှေ့တောင်အာရှမှာဆို ဘောလုံးကို မျိုးဆက်အလိုက် မွေးမြူလာကြတာ။ ကျွန်တော်တို့နောက်ကျ ကျန်သလိုတောင် ဖြစ်နေတာ” ဟု အားကစား ကလောင်ရှင်တစ်ဦးက ဆိုသည်။
နောက်တစ်ဆင့် မတက်သော်လည်း မြန်မာအသင်း အနေဖြင့် အဆိုပါ ပွဲစဉ်၌ အဆင့် ၂၅ မှ ၃၂ အတွင်း မည်သည့် အဆင့်တွင် ရပ်တည်မည်ဆိုသော အချက်အတွက် ပြိုင်ပွဲတစ်ပွဲ ထပ်မံ ယှဉ်ပြိုင်ရမည်ဖြစ်ကာ Tokyo Verdy အသင်းနှင့် ယှဉ်ပြိုင်ရာတွင် တစ်ဂိုး ဂိုးမရှိဖြင့် မြန်မာအသင်းက နိုင်ထားပြီး ဩဂုတ်လ ၂၆ ရက်တွင် Sagan Tosu အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။