၂၅. ၈. ၂၀၂၃
Written by Pan Ei
လက်ဖက်ရည်ဆိုတာ ချိုမြိန်၊ ဖန်ဆိမ့်တဲ့အရသာနဲ့ မွှေးကြိုင်တဲ့ ရနံ့ကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ လူကြိုက်အများဆုံး သောက်စရာတစ်မျိုးဖြစ်ပြီး လူကြီးလူငယ်မရွေး နှစ်ခြိုက်စွာ သောက်တတ်ကြပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့စကားရှိတဲ့အတိုင်း မလေးရှားက ၅၅ နှစ်အရွယ် အမျိုးသားတစ်ယောက်က သူဟာ ငယ်စဉ်ကတည်းက နှစ်ပေါင်းများစွာကြာ လက်ဖက်ရည်အလွန်အကျွံသောက်ခဲ့ပြီး အဲ့ဒါကြောင့်ပဲ ခြေထောက်ဖြတ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ဆိုရှယ်မီဒီယာပေါ် ဝေမျှခဲ့ရာမှာတော့ သူ့ ဗီဒီယိုကို ကြည့်ရှုသူပေါင်း ၂ သန်းနီးပါးအထိရှိခဲ့ပါတယ်။
လန် လို့အမည်ရတဲ့ မလေးရှားအမျိုးသားဟာ ငယ်စဉ်ကတည်းက အချိုဓာတ်များတဲ့ နို့လက်ဖက်ရည်ကို အရမ်းစွဲလမ်းခဲ့ပြီး တစ်နေ့ကို သုံးကြိမ်ထက်ပိုပြီး နေ့တိုင်း သောက်ခဲ့တယ်လို့ဆိုပါတယ်။ သူဟာ လက်ဖက်ရည်ကို အပူရော အအေးရော သောက်ပြီး အချိုရည်တွေကိုလည်း အလွန်ကြိုက်ကာ လက်ဖက်ရည်သောက်ပြီးရင် ကိုလာ တစ်ဗူးလည်း သောက်တတ်ပြီး ရိုးရိုးရေကို သောက်ရတာတော့မကြိုက်ဘူးလို့ သူက ပြောခဲ့ပါတယ်။
ဒါ့အပြင် သူဟာ အစားအသောက်ပုံစံမမှန်တာတွေလည်းရှိခဲ့ပြီး အသက် ၂၀ ကျော်ကတည်းက ဆီးချိုရောဂါကို ခံစားခဲ့ရကာ အသက် ၄၀ ကျော်အရွယ်မှာတော့ သူ့ကျန်းမာရေးက ပိုဆိုးလာခဲ့တယ်လို့ဆိုပါတယ်။ ဆီးချိုရောဂါကို နှစ်ပေါင်းများစွာ ခံစားနေခဲ့ရတဲ့သူဟာ သူ့ရဲ့ ညာဘက်ခြေထောက် ခြေသည်းမှာ အနာအသေးလေး တစ်ခုဖြစ်ခဲ့ရာကနေ ဒဏ်ရာမှာ နီမြန်းလာခဲ့ပြီး ပိုကြီးမားလာခဲ့ကာ ခွဲစိတ်မှုခံယူခဲ့ပေမဲ့ ဆရာဝန်တွေကလည်း မကယ်နိုင်ခဲ့တာကြောင့် ခြေထောက်ဖြတ်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။
သူ့ရဲ့ ဘဝဇာတ်လမ်းဟာ အချိုကြိုက်သူတွေအတွက် ကျန်းမာရေးအန္တရာယ်ကို မီးမောင်းထိုးပြနေခဲ့သလို ကြည့်ရှုသူတွေကို ကျန်းမာရေးလိုက်စားဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မလေးရှားကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရတော့ နို့လက်ဖက်ရည်တစ်ခွက်မှာ သကြားက လက်ဖက်ရည်ဇွန်း ၅ ဇွန်းလောက်အထိ ပါဝင်တတ်တာကြောင့် နေ့တစ်နေ့တာကို လက်ဖက်ရည်တစ်ခွက်နဲ့ အစပြုတတ်ကြတဲ့ အလေ့အကျင့်ကတော့ မမှားပေမဲ့ ရောဂါမဖြစ်အောင်ကာကွယ်ဖို့ကတော့ တစ်နေ့လုံး သောက်တဲ့ အကြိမ်အရေအတွက်ကို ဂရုစိုက်ဖို့လိုအပ်ပါလိမ့်မယ်။
Ref; Mothership