၂၄. ၈. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ၂၀၂၀ ပြည့်နှစ် ဂျော်ဂျီယာပြည်နယ်ရဲ့ ရွေးကောက်ပွဲ ရလဒ်တွေ မဟုတ်မမှန် ပြောင်းပြန်ဖြစ်အောင် အားထုတ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ စွဲဆိုထားမှုများကို ဖြေကြားပြီး ဆန္ဒအလျောက်ဘအဖမ်းခံဖို့ ဩဂုတ်လ ၂၄ ရက်မှာ ဂျော်ဂျီယာပြည်နယ်၊ ဖူလ်တန်ခရိုင်ရဲ့ အကျဉ်းထောင်ဆီ လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရန့်က အခုလို အဖမ်းခံဖို့ နယူးဂျာစီပြည်နယ်၊ နီဝပ်လေဆိပ်ကနေ လေယာဉ်နဲ့ထွက်ခွာလာတာပါ။ အတ္တလန်တာ လေဆိပ်ကိုရောက်ရှိလို့ ဖူလ်တန်အကျဉ်းထောင်သို့ အသွားလမ်းတစ်လျှောက်မှာတော့ သမ္မတဟောင်းကို ထောက်ခံသူတွေရော၊ ဆန့်ကျင်သူတွေကပါ တန်းစီဆန္ဒပြမှုတွေ ပြုလုပ်နေတာ တွေ့ကြရပါတယ်။
သမ္မတဟောင်းအဖို့ ၂၀၂၃ ခုနှစ်အတွင်းမှာ ခုလိုရာဇဝတ်မှုစွဲချက်တွေနဲ့ရင်ဆိုင်ရတာ လေးကြိမ်မြောက်လို့လည်း သိရပါတယ်။ ထရန့်ကို ဖူလ်တန်ခရိုင်အကျဉ်းထောင်မှာ အကျဉ်းသားတစ်ဦးအဖြစ် မှတ်တမ်းတင်ခံရကာ သူ့ရဲ့မှုခင်းကိုယ်တပိုင်းဓာတ်ပုံကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်သမ္မတဟောင်း တစ်ဦးအဖို့တော့ အခုလိုမှုခင်းပုံနဲ့ ထုတ်ပြန်ခံရခြင်းက ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
ထရန့်နဲ့ အခြားတရားခံ ၁၈ ဦးတို့ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပျက်စီးအောင် အဖျက်လုပ်ငန်းတွေ ဆောင်ရွက်နေမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဖူလ်တန်ခရိုင် ရှေ့နေက တရားခံ ၁၉ ဦးအတွက် ရုံးတင်စစ်ဆေးမှုကို အောက်တိုဘာလ ၂၃ ရက်မှာ စတင်ဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ထရန့်က အဆိုပြုထားတဲ့ ရုံးတင်စစ်ဆေးရက်ကို ကန့်ကွက်ခဲ့တယ်လို့ သူ့ရဲ့ရှေ့နေတွေက ပြောကြပါတယ်။
အကျဉ်းထောင်မှာ မိမိဆန္ဒအလျောက်အဖမ်းခံခဲ့ပြီးနောက် ထရန့်က ဒေါ်လာ ၂၀၀,၀၀၀ တန် အာမခံစာချုပ်နဲ့အခြားထုတ်ပြန်မှု အခြေအနေတွေကို သဘောတူခဲ့ပြီးနောက်မှာတော့ သူ့ကိုအကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ ဒီအခြေအနေတွေမှာ အမှုက ပူးတွဲတရားခံတွေနဲ့ မျက်မြင်သက်သေတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ လူမှုကွန်ရက်တွေကို အသုံးမပြုဖို့လည်းပါပါတယ်။
ထောင်မှာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီးနောက် နယူးဂျာစီပြည်နယ်ကို ပြန်ဖို့ အတ္တလန်တာလေဆိပ်ကို ပြန်ရောက်လာတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်က “ကျွန်တော် အမှားလုပ်ခဲ့တာ ဘာမှမရှိဘူးဗျ” လို့ သတင်းထောက်တွေကို လေဆိပ်မှာပြောကြားသွားပါတယ်။
Ref–CNN