၂၅. ၈. ၂၀၂၃
Written By Thandar
ကလေးသရုပ်ဆောင် ဘဝထဲက ပရိသတ်အားပေးမှု အခိုင်အမာရရှိပြီး အကယ်ဒမီပါရထားတဲ့ သရုပ်ဆောင် ယွန်းယွန်းက “မင်း” သီချင်းလေးပြန်ဆိုတာဟာ ပရိသတ်တွေရဲ့ Attention လိုချင်လို့မဟုတ်ပါဘူး လို့ဖွင့်ဟလာပါတယ်။
“ယွန်းက အသံပါဝါ အရမ်း မကောင်းတော့ သူတို့ Recommend ရွေးပေးတဲ့ သီချင်းလေးကို သီဆိုဖြစ်တာပါ။ ယွန်းက သီချင်းကို ကြက်တူရွေးလေး စာကျက်သလို နှုတ်တိုက်လိုက်ဆိုတာပါ။ အဆိုပိုင်းမှာက ယွန်းက အားနည်းတော့ ရုပ်ရှင်ရိုက်သလို မုဒ်ကို မထည့်တတ်ဘူး။ အစပိုင်းဆိုတော့လေ။ တဖြေးဖြေးနဲ့ ပိုအဆင်ပြေသွားတာပေါ့။ သီချင်းတစ်ပုဒ်အသံသွင်း ဖန်တီးရတာ မလွယ်ပါ့လားဆိုတာ သိသွားတယ်။ သီချင်းတစ်ပုဒ်ကို နှစ်ရက်လောက် ဖန်တီးရတာ ကိုယ်တွေ့သိသွားတယ်” လို့ ယွန်းယွန်းက ပြောပါတယ်။
အဆိုပါ “အားတော့နာတယ်” တေးသီချင်းကို Official မထုတ်ရသေးခင် Story ပုံစံတင်ထားပြီ TikTok မှာ ဆော့ပေးကြတော့ မထင် မှတ်ဘဲ ပေါက်သွားတယ်လို့ သိရပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းကိုသာ အဓိက လုပ်ဆောင်ခဲ့ပြီး အဆိုပိုင်းကို လုပ်ဆောင်သွားဖို့ ပထမပိုင်း စိတ်ကူးမရှိဘူးဆိုပါတယ်။ မကြာခင်က အဆိုတော် တာရာလင်းလက်နဲ့အတူ “မင်း”ဆိုတဲ့ တေးသီချင်းဟောင်းလေး တစ်ပုဒ်အပြင် “အားတော့နာတယ်” သီချင်သစ်တစ်ပုဒ်ကိုလည်း သရုပ်ဆောင်ရှင်မွေလနဲ့အတူသီဆိုထားပြီး ပရိသတ်အတွက် တင်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။
“မင်း” သီချင်းလေးပြန်ဆိုတာက ပရိသတ်တွေရဲ့ Attention လိုချင်လို့မဟုတ်ပါဘူး။ တခြားရည်ရွယ်ချက်လည်း ဘာမှမပါဘူး။ မလုပ်မဖြစ်တဲ့အရာလေးတစ်ခုကို သင်ပြပေးမဲ့သူတွေ Support ပေးမဲ့သူတွေရှိတုန်း လုပ်ကြည့်လိုက်တယ်ဆိုတဲ့ သဘောပါပဲ။ ဒါနဲ့ပတ်သက်ပြီး တခြား Plan အရှည်ကြီးဆွဲထားတာ မရှိပါဘူး” လို့ သူမကပြောပါတယ်။
ယွန်းယွန်းက ဂီတပိုင်းနဲ့ ပတ်သက်ပြီး သေချာလေ့လာပြီးမှ သီချင်းသစ်တွေ ထပ်မံထွက်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။