၂၅. ၈. ၂၀၂၃
Written by Nay Moe
ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ကျိုက္ကသာသွား ရွာချင်းဆက်လမ်း၊ ဘိုရားကြီးကျေးရွာအနီးတွင် BGF တပ်နယ်(၂)မှ ဗိုလ်အဆင့်ရှိသူ ဦးဝင်းစိုး မောင်းနှင်လာပြီး ဇနီးဖြစ်သူ ဒေါ်ဇင်မာမျိုး လိုက်ပါလာသော ယာဉ်အမှတ် (စိစစ်ဆဲ) Mark-ll အဖြူရောင်ယာဉ်ကို KRF (ကျိုက်ထိုတော်လှန်ရေးအင်အားစု) PDF အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဇနီးမောင်နှံနှစ်ဦးစလုံး သေဆုံးခဲ့ရသည်ဟု သိရသည်။
ဖြစ်စဥ်မှာ ဩဂုတ် ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် BGF ဗိုလ်ဝင်းစိုးနှင့် ဇနီးတို့ မောင်းနှင်လာသော အဖြူရောင် Mark 2 ယာဥ်အား ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာ ကြားရှိ တာဘောင်တံတားအရောက်တွင် KRF နှင့် ဝေါပကဖ ပူးပေါင်းအဖွဲ့မှ စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားလမ်းဘေးသို့ထိုးကျခဲ့ပြီး (၂)ဦးစလုံး နေရာတွင် သေဆုံးခဲ့ကာ သေဆုံးသူထံမှ သေနတ် ၂ လက်၊ ဖုန်း၊ BGF တပ်ဖွဲ့ဝင်စိစစ်ရေးကတ်၊ မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်တို့အား KRF ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
KRF နှင့် ဝေါပကဖတို့ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်သည် လမ်းဘေးသို့ ထိုးကျသွားရာမှ BGF ဗိုလ်ဝင်းစိုးတွင် ဦးခေါင်းထိပ် ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ယာရင်ဘတ် ကျည်စမှန်ဒဏ်ရာ ၁ ချက်၊ ယာဒူး ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်နှင့် ဒေါ်ဇင်မာမျိုးတွင် ဝဲနားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် ၂ ဦးစလုံး သေဆုံးခဲ့သည်။
BGF ဗိုလ်ဝင်းစိုးနှင့် ဇနီးဖြစ်သူ ဒေါ်ဇင်မာမျိုးတို့သည် ဘိုရားကြီးကျေးရွာရှိ မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် ရှောင်တခင်ခွင့် ၂ ရက်အား ၂၀၂၃ ဩဂုတ် ၂၃မှ ၂၄ ရက်နေ့အထိ ရယူထားရှိပြီး မိခင်ဖြစ်သူထံသို့ သွားစဉ် KRF PDF ပူးပေါင်းအဖွဲ့က ဆိုင်ကယ် ၄ စီး၊ လူ ၁၀ ဦးခန့်ဖြင့် လက်နက်ငယ်၊ ၄၀ မမတို့ဖြင့် ဝိုင်းဝန်းစောင့်ဆိုင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ KRF/ PDF ပူးပေါင်းအဖွဲ့မှာ ကျိုက္ကသာကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
KRF(Kyaikhto Revolution Force) အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူသည် ရဲတပ်ဖွဲ့မှထွက်ပြေးသူ အေးမင်းထွန်းဖြစ်ပြီး ယခင် NLD အစိုးရလက်ထက် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏လူယုံတော်ဖြစ်ကာ ကျိုက်ထီးရိုးဘုရားဖူးပြည်သူ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၇ ဦး ဒဏ်ရာရရှိစေခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ဖြစ်ပွားသော ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ကားဂိတ်အား ပစ်ခတ်တိုက်ခိုက်သည့် အဖွဲ့လည်းဖြစ်သည်။
ထိုကျိုက်ထီးရိုးဘုရားဖူးများကို KRF အဖွဲ့ ပစ်ခတ်တိုက်ခိုက်မှုတွင် KNU နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့ဘုရားဖူးပြည်သူများစွာသေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုကို စစ်ဆေးအရေးယူမည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောခဲ့သော်လည်း အမှန်တကယ်အရေးယူခဲ့မှုမရှိချေ။