၂၄. ၈. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားနိုင်ငံလေကြောင်းသယ်ယူပို့ဆောင်ရေးအေဂျင်စီက ဩဂုတ်လ ၂၃ ရက် ညနေပိုင်းတွင် ရုရှားနိုင်ငံ၏ မြို့တော်မော်စကိုမြောက်ဘက်ရှိ တီဗာဒေသ၌ Embraer လေယာဉ်တစ်စီးပျက်ကျခဲ့မှုကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် သေဆုံးသည့် လေယာဉ်ခရီးသည်များထဲတွင် အသက် ၆၂ နှစ်အရွယ် ဝက်ဂ်နာ အပျော်တန်းတပ်ဖွဲ့ ခေါင်းဆောင် ရက်ဗ်ဂျီနီ ပရီဂိုဇင်လည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။
Embraer လေယာဉ်က တီဗာဒေသအတွင်း ကူဇန်ကီနိုလူနေရပ်ကွက်များအနီး ပျက်ကျခဲ့ခြင်းဟုသိရပြီး ရှေးဦးသတင်းများအရ ခရီးသည်စာရင်းတွင် ဝက်ဂ်နာ အပျော်တန်းတပ်ဖွဲ့ခေါင်းဆောင် ရက်ဗ်ဂျီနီ ပရီဂိုဇင်လည်းပါဝင်နေသည်။ ထို့အတူ လေယာဉ်ပေါ်ပါ လူဆယ်ဦးစလုံးသေဆုံးသွားခဲ့သည့် ထိုလေယာဉ်က မော်စကိုမြို့မှ စိန့်ပီတာစဘတ်မြို့သို့ ပျံသန်းလာခြင်းဟုလည်း သတင်းများက ဆိုခဲ့သည်။
ပရီဂိုဇင် လိုက်ပါလာသောလေယာဉ်ပျက်ကျမှုအပေါ် ရုရှားအစိုးရ(သို့မဟုတ်)ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင်ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ပရီဂိုဇင်နှင့်ဆက်စင်နေသော Telegram ချယ်နယ်တစ်ခုဖြစ်သည့် Grey Zone ကမူ ပရီဂိုဇင် လေယာဉ်ပျက်ကျသေဆုံးကြောင်း ဖော်ပြခဲ့ပြီး ၎င်းအား သူရဲကောင်းမျိုးချစ်တစ်ဦးအဖြစ် ဂုဏ်ပြုခဲ့သည်။
အတည်မပြုနိုင်သော ရုရှားမီဒီယာသတင်းအချို့ကမူ ပရီဂိုဇင်နှင့် ၎င်း၏လက်ထောက်များက ဩဂုတ်လ ၂၃ ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုဆိုကြသည်။
Ref—-Tass, Reuters