၂၃.၈.၂၀၂၃
Translated by Htwe Ko Tun
ပြည်ပတွင် ၁၇ နှစ်ကြာ ရောက်ရှိနေခဲ့သော ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝါထရာမှာ ဩဂုတ်လ ၂၂ ရက် နံနက်တွင် ဒွန်မောင်းလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ထိုင်းတရားရုံးချုပ်သို့ ခေါ်ဆောင်သွားခြင်းခံရကာ ၎င်းအားစွဲဆိုခံထားရသောအမှုများအတွက် ထောင်ဒဏ်ရှစ်နှစ်ကျခံရန် စီရင်ချက်ချမှတ်ခံခဲ့ရသည်။ ထို့နောက် ဘန်ကောက်မြို့ Remand Prison အကျဉ်းထောင်သို့ ရောက်ရှိအပြီးတွင် ရင်ဘတ်နာကျင်မှု၊ သွေးတိုးဝေဒနာ၊ လက်ချောင်းထိပ်များတွင် အောက်ဆီဂျင်အားနည်းမှုနှင့် အိပ်မပျော်တတ်မှုတို့ကိုပါ ခံစားနေရသော သက်ဆင်အား ဩဂုတ်လ ၂၂ ရက် မွန်းလွဲ ၁ နာရီ၌ ရဲတပ်ဖွဲ့ဆေးရုံတွင် ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆေးပညာရှင်များက သက်ဆင်အနေဖြင့် ကျန်းမာရေးချို့တဲ့မှုက အန္တရာယ်ရှိကြောင်းနှင့် ဆေးကိရိယာများ ခေတ်မီပြည့်စုံစွာတပ်ဆင်ထားသော ဆေးရုံမျိုးသို့ ပို့ဆောင်ကုသသင့်ကြောင်း သဘောတူပြောကြားခဲ့ကြသည်။
အကျဉ်းဦးစီးဌာနက သက်ဆင်မှာ စိုးရိမ်ရသည့် နှလုံးရောဂါလက္ခဏာ၊ အာရုံကြောပေါ်တွင် ခါးရိုး Disc ပြားကျွံနေမှု၊ သွေးတိုးနှင့် ပုံမှန်မဟုတ်သော ကိုယ်ဟန်အနေအထားတည်ဆောက်မှုစသည့် ရောဂါဝေဒနာများခံစားနေရကြောင်း ပြောခဲ့သည်။
အသက် ၇၄ နှစ်ရှိ ဝန်ကြီးချုပ်ဟောင်းအနေဖြင့် လက်ရှိတွင် ဘန်ကောက်မြို့၊ ရတ်ချာဒမ်ရီလမ်းပေါ်ရှိ Mor Por Ror အဆောက်အအုံ၏ ၁၄ ထပ်မြောက်မှ အခန်းအမှတ် ၁၄၀၄ တွင် နေထိုင်နေရကြောင်း သိရသည်။
Ref—-Khaosod