၂၂.၈.၂၀၂၃
Written by Peya
Myanmar Women League 2023 ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၉)အဖြစ် ဩဂုတ်လ ၁၉ ရက်က စလင်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် Yangon United FC နှင့် ISPE FC တို့ ပွဲစဉ်တွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် ဘောလုံးဆက်မကစားတော့သည့် Yangon United FC အမျိုးသမီးအသင်းကို ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။
ပွဲကစားချိန် (၂၇) မိနစ်အချိန်တွင် ISPE FC မှ ကစားသမားများနှင့် Yangon United FC မှ ကျောနံပါတ် (၄၇) တို့ ဘောလုံးယှဉ်လုစဉ် YUFC မှ နံပါတ် (၄၇) နန်းချိုမွှေး လဲကျထိခိုက်သွားသည့်အပေါ် ဒိုင်လူကြီးမှ တစ်ဖက်ကစားသမားအား အဝါကတ်ပြား ပြသမှုမရှိဟုဆိုကာ YUFC နည်းပြအဖွဲ့မှ ဝိုင်းဝန်းစောဒကတက်ခဲ့ကြကာ ပွဲကစားချိန် (၃၆) မိနစ်တွင် ISPE FC အသင်း ထောင့်ကန်ဘောကန်တင်ရာမှ ပြန်ထွက်လာသည့် ဘောလုံးအား ISPE FC ကစားသမားမှ ပြန်လည်ပိတ်သွင်းစဉ် ဂိုးဧရိယာထဲတွင် YUFC ကစားသမားလက်နှင့်ထိသဖြင့် ဒိုင်လူကြီးမှ ပင်နယ်တီသတ်မှတ်ပေးခဲ့သည်။YUFC ကစားသမားများမှ အဆိုပါဖြစ်စဉ်အား မကျေနပ်သဖြင့် ဒိုင်လူကြီးအား ဝိုင်းဝန်းစောဒက တက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် အုပ်ချုပ်နည်းပြအဖွဲ့နှင့် ကစားသမားများအား ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးတို့မှ ထိန်းသိမ်းဖြေရှင်းနေစဉ် ပွဲချိန်(၂၇)မိနစ်၌ ဖြစ်ပွားခဲ့သောဖြစ်စဉ်တွင် YUFC အသင်း ကစားသမား Shin-Guard ကွဲရသည်အထိ ပြစ်မှုကျူးလွန်ခြင်းခံရသော်လည်း ဒိုင်လူကြီးမှ မည်သည့်အရေးယူမှုမျှမပြုလုပ်ခဲ့သည်မှာ ဘက်လိုက်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ ပင်နယ်တီပြစ်ဒဏ်မှာလည်း စည်းအတွင်းတွင်ဖြစ်ပွားခြင်းမဟုတ်သည့်အတွက် လက်မခံနိုင်ပါကြောင်း စသည်ဖြင့် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များအပေါ် ကန့်ကွက်ပြောဆိုနေခဲ့ပြီးနောက် YUFC အသင်း Technical Director ဦးတင်မောင်ထွန်းမှ ပွဲကြည့်စင်ပေါ်မှနေ၍ “ အသင်း CEO က ဆက်မကစားခိုင်းတော့ဘူး။ မင်းတို့ထွက်လာခဲ့ကြ၊ CEO က ဆက်မကစားခိုင်းတာ’’ ဟု ပြောဆိုကာ အုပ်ချုပ်/နည်းပြအဖွဲ့နှင့် ကစားသမားများအား ပြန်လည်ခေါ်ယူခဲ့ရာ ကစားသမားများနှင့် အုပ်ချုပ်/နည်းပြအဖွဲ့မှ ပွဲချိန် (၃၉)မိနစ်တွင် ကွင်းပြင်သို့ထွက်သွားခဲ့ကြသဖြင့် ပြိုင်ပွဲအားရပ်နားခဲ့ရကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတွက် ပြိုင်ပွဲကြီးကြပ်မှ ဆက်လက်ညှိနှိုင်းခဲ့သော်လည်း YUFC အသင်း Technical Director ဦးတင်မောင်ထွန်းမှ ပြိုင်ပွဲကို ဆက်လက်၍ မကစားနိုင်တော့ကြောင်း၊ (၃)ဂိုး၊ (၃)မှတ်ဖြင့် အရှုံးပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် MNL CEO မှ ပြိုင်ပွဲကို ဆက်လက်ကစားစေချင်ကြောင်း၊ အသင်းနှင့် ပြိုင်ပွဲပုံရိပ်မကျဆင်းစေရန်အတွက် ဆက်လက်ကစားရန် ညှိနှိုင်းပြောဆိုခဲ့သော်လည်း CEO ကစားခိုင်းမှကစားပါမည်ဟု အုပ်ချုပ်/နည်းပြအဖွဲ့မှ အကြောင်းပြန်ခဲ့ကြောင်း၊ ထို့ ကြောင့် MNL CEO မှ YUFC အသင်း CEO ထံ ပြိုင်ပွဲအားဆက်လက်ကစားစေရန် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုပြီးနောက် ပြိုင်ပွဲရပ်နားချိန် (၂၆)မိနစ် အကြာတွင် ပြိုင်ပွဲအား ဆက်လက်ကစားရန်သဘောတူခဲ့သဖြင့် ဒိုင်လူကြီးမှ ပြိုင်ပွဲအား ပထမပိုင်း လက်ကျန်မိနစ်+ အချိန်ပို (၁၀)မိနစ်ဖြင့် ဆက်လက်ကစားစေခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ဒိုင်လူကြီးမှ သတ်မှတ်ပေးထားသည့် ပင်နယ်တီပြစ်ဒဏ်ဘောကို ISPE FC သွင်းယူရာတွင်လည်း ကွင်းအတွင်းရှိ YUFC ဂိုးသမားနှင့် ကစားသမားများအားလုံး (ဘောလုံးအားဖမ်းခြင်းမရှိပဲ ဘေးထွက်ရပ်နေခြင်း၊ လက်ခုပ်တီးခြင်း) ကစားသမားကောင်းမပီသသော အပြုအမူများပြုမူနေခဲ့ကြောင်း၊ ထို့နောက်မှ စ၍ YUFC ကစားသမားများသည် ဘောလုံးအား လုံးဝထိတွေ့ခြင်းမရှိ၊ ပြိုင်ပွဲအားပုံမှန်အတိုင်း ကစားခြင်းမရှိဘဲ ကွင်းအတွင်းရပ်နေခဲ့ကြကြောင်း၊ ထိုအပြုအမူအား ဒိုင်လူကြီးမှ နှစ်ဖက်အသင်းခေါင်းဆောင်(၂)ဦးအားခေါ်ယူသတိပေးပြီး ဆက်လက်ကစားစေခဲ့သော်လည်း လှုပ်ရှားမှုအနည်းငယ်သာပြုလုပ်၍ ပထမပိုင်းဂိုးရလဒ်(၀:၅)ဖြင့် ပြီးဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ဒုတိယပိုင်းဆက်လက်ယှဉ်ပြိုင်ကစားရာတွင် ပွဲမစတင်မီ လူစားလဲ(၅)ဦးအား တစ်ပြိုင်တည်း လဲလှယ်ခြင်း၊ ပြိုင်ပွဲအား ယှဉ်ပြိုင်ကစားခြင်းမပြုဘဲ ကွင်းထဲတွင်ရပ်နေခဲ့ကြပြီး ISPE FC မှ တစ်ဂိုးသွင်းပြီးချိန်တိုင်း YUFC ကစားသမားတစ်ဦးမှ လှဲချကာ ဒဏ်ရာရသွား၍ မကစားနိုင်တော့သည့်ပုံစံဖြင့် ဟန်ဆောင်ပြုမူနေခြင်းကြောင့် ဆေးအဖွဲ့ အား ခေါ်ယူပေးရပြီး ကစားကွင်းအတွင်းမှထွက်ခဲ့ကြောင်း၊ YUFC အသ်ငးက ကစားသမားများသည် ဘောလုံးကို လိုက်ပြီး မကစားတော့သည့်အပြင် ဂိုးများကိုလည်း အလွယ်တကူပေးနေခဲ့ပြီး ISPE FC မှ ဒုတိယပိုင်းအတွက် (၆)ဂိုးထပ်မံ ရရှိပြီးချိန်တွင် YUFC မှ ကစားသမား ငါးဦးသည် ဟန်ဆောင်လဲကျကာ ကွင်းအတွင်းက ထွက်သွားသောကြောင့် YUFC အသင်း ကစား သမား ၆ ဦးသာ ကွင်းအတွင်း ကျန်သည့်အတွက် ပွဲကို စည်းကမ်းအရ ရပ်နားခဲ့ရပြီး (၀-၁၁) ဂိုးဖြင့် ပြိုင်ပွဲအား ဘောလုံးဥပဒေနှင့်အညီပြီးဆုံးစေခဲ့သည်ဟု သိရသည်။
YUFC အသင်းသည် ယခုပွဲစဉ်တွင် ဒိုင်လူကြီးများ၏ ပွဲကိုင်တွယ်ဆောင်ရွက်ဆုံးဖြတ်ချက်များအပေါ် လေးစားလိုက်နာမှုမရှိခြင်း၊ ဒိုင်လူကြီးများအား အလွန်အမင်းပုပ်ခတ်ပြောဆိုခြင်း၊ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များမှာ မျှတမှုမရှိဟုဆိုကာ အသင်း Official များမှ ပြိုင်ပွဲကိုရပ်တန့်စေသည်အထိ ကစားသမားများအပေါ် ပြောဆို ညွှန်ကြားခဲ့ခြင်း၊ ပြိုင်ပွဲအတွင်း လူကြီးလူကောင်းမဆန်သောလုပ်ရပ်များဖြင့် အားကစားသမားကောင်းများ လိုက်နာရမည့်တာဝန်များကို ပြောင်ပြောင် တင်းတင်းချိုးဖောက်စေရန် ကစားသမားများအား သင်ကြားလမ်းညွှန်ပေးခဲ့ခြင်း၊ အသင်းမှတာဝန်ရှိသူများအပြင် ၎င်းတို့အသင်းနှင့်အတူ လိုက်ပါလာသောအသင်း၏ ပရိတ်သတ်များနှင့်ပါ ပူးပေါင်း၍ ပြိုင်ပွဲတာဝန်ကျဒိုင်များနှင့် ပြိုင်ပွဲတာဝန်ရှိသူများအား ရုပ်ပျက်ဆင်းပျက်ဝေဖန်အော်ဟစ်လှောင်ပြောင်သရော်ခြင်း၊ ပြိုင်ပွဲအားဆက်လက်ကျင်းပသော်လည်း ကွင်းထဲတွင်တစ်ချိန်လုံးရပ်နေပြီးယှဉ်ပြိုင်ကစားမှုမရှိခြင်းတို့သည် ပြိုင်ပွဲနှင့်ပြိုင်ဘက်အသင်းအပေါ် လေးစားမှုမရှိရာရောက်သည့်အပြင် ကွင်းအတွင်းသို့လာရောက်ကြည့်ရှု့အားပေးနေသည့်ပရိသတ်များအပါအဝင် YouTube Live Stream မှ ကြည့်ရှုနေသော ပရိသတ်များနှင့်ပြိုင်ပွဲဖြစ်မြောက်အောင်ဝိုင်းဝန်းကူညီကြသည့်သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒိုင်လူကြီးများ၊ ပွဲတာဝန်ရှိသူများအပေါ် မလေးစားသည့်အပြုအမူမျိုးဖြစ်ခဲ့ခြင်းနှင့်လက်ရှိမြန်မာအမျိုးသမီးလက်ရွေးစင်အချို့နှင့် လူငယ်လက်ရွေးစင်ကစားသမားများစွာပါဝင်သည့်အသင်းဖြစ်သော်လည်း အားကစားသမားကောင်းစိတ်ဓါတ်မရှိစွာ ပြုမူခဲ့ခြင်းအပြင် ပြိုင်ပွဲပုံရိပ်ကိုလည်းများစွာထိခိုက်ကျဆင်းစေပြီး အလွန်အရုပ်ဆိုးအကျည်းတန်သောလုပ်ရပ်မျိုးကို ပြုမူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအပြုအမူများပြုလုပ်ခဲ့ခြင်း ဖြစ်စဉ်အားလုံးသည် ပွဲကစားချိန်အတွင်း အသင်းအား ပြိုင်ပွဲဆက်လက်မကစားရန် ညွှန်ကြားခဲ့သူအပါအဝင် အုပ်ချုပ်/နည်းပြအဖွဲ့နှင့် ကစားသမားများအားလုံးတွင် တာဝန်ရှိသည့်အတွက် Myanmar Women League 2023 Regulations ပြိုင်ပွဲကျင်းပရေးစည်းမျဉ်း/စည်းကမ်းအပိုဒ် (၁၈)အရ YUFC အသင်းကို ဒဏ်ကြေးငွေ(၁၅)သိန်း၊ ပြိုင်ပွဲကို ဆက်လက်မကစားရန် စတင်တိုက်တွန်းပြောဆိုခဲ့သော အသင်းနည်းစနစ်ဒါရိုက်တာ ဦးတင်မောင်ထွန်းအားဒဏ်ကြေးငွေ(၂)သိန်း၊ Team Bench တွင် အသင်းအား အနီးကပ် ဦးဆောင်တာဝန်ယူခဲ့သော အသင်း အုပ်ချုပ်သူဦးဌေးနိုင်နှင့် နည်းပြချုပ်ဦးကျော်စိုးဦးတို့အား ဒဏ်ကြေးငွေ(၁)သိန်းစီပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ပြီး၊ အသင်းနည်းစနစ်ဒါရိုက်တာအပါအဝင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားအားလုံးကိုလည်း ယခုအပြုအမူများအတွက် နောက်ဆုံးအကြိမ်စာဖြင့် ပြင်းထန်စွာသတိပေးလိုက်ကြောင်း ဖော်ပြထားသည်။
အသင်းတာဝန်ရှိသူများအနေဖြင့်လည်း နောက်နောင် ထိုကဲ့သို့မဖြစ်စေရေး အထူးကြပ်မတ်ဆောင်ရွက်သွားရန် နောက်ဆုံးအကြိမ် ဤစာဖြင့်သတိပေးလိုက်ကြောင်း၊ အဆိုပါဖြစ်စဉ်မျိုးထပ်မံဖြစ်ပေါ်ခဲ့ပါက 2023 MWL Regulations ပြိုင်ပွဲကျင်းပရေးစည်းမျဉ်း/ စည်းကမ်းအရလည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်း ထိန်းသိမ်းရေးနှင့်ကျင့်ဝတ်ကော်မတီသို့ တင်ပြ၍ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်းလည်း ရေးသားထားသည်။