၂၂. ၈. ၂၀၂၃
Written By Thandar
၁၀ ကြိမ်မြောက်ကျင်းပမယ့် မယ်စကြာဝဠာပြိုင်ပွဲ Miss Universe Myanmar 2023 ပြိုင်ပွဲကြီးကို မြို့အသီးသီးက ကိုယ်စားပြုအလှမယ် ၃၂ ဦးနဲ့ လာမယ့် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ Novotel Yangon Max မှာ ခမ်းနားစွာ ကျင်းပသွားမှာဖြစ်ပါတယ်။
“၁၀ကြိမ်မြောက် ပြိုင်ပွဲကြီးမို့ အမအနေနဲ့ နှစ်တိုင်း အားထည့်ပြီးတော့ လုပ်ဆောင်နေပါတယ်။ ပွဲကြည့်ရတဲ့သူတွေ ထူးခြားမှုလေးဖြစ်အောင် ဖျော်ဖြေရေးတွေကိုလည်း ပါဖို့ ထည့်ဖို့ စီစဥ်နေပါတယ်။ ပွဲကိုလည်း ကျစ်ကျစ်လစ်လစ်လေးနဲ့သပ်သပ်ရပ်ရပ်ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ အမတို့က မြို့နယ်အလိုက် City Director တွေခန့်အပ်ပြီး တစ်ဆင့် ရွေးချယ်တာမို့ စိတ်ဝင်စားပြီး ဝင်ရောက်ယှဥ်ပြိုင်တဲ့ အလှမယ်တွေ ပိုများလာပါတယ်။ အမှန်တကယ်က ၃၆ မြို့နယ် ရွေးချယ်ခဲ့တာပါ၊ ကျန်တဲ့သူတွေက အကြောင်းကြောင်းကြောင့် မပါဝင်တဲ့သူတွေရှိလို့ လက်ရှိ ၃၂ ယောက်ပဲ ပါဝင်ပြိုင်ကြမှာပါ။ လူများလာပေမယ့် တချို့က ပြိုင်ပွဲအတွေ့ အကြုံရှိတယ်။ တချို့က နောက်က ပရိသတ်အင်အားတောင့်တင်းမှုရှိတာ များတာရှိတော့ ပြိုင်ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်လာတာတွေ့ရပါတယ်”လို့ National Director မစိုးယုဝေက MT News ကိုပြောပါတယ်။
အဆိုပါ Miss Universe Myanmar 2023 အလှမယ်တွေရဲ့ Swimsuit Presentation ကို စက်တင်ဘာလ ၂ ရက်နေ့မှာ ပြင်ဆင်ဖန်တီးကြမှာ ဖြစ်သလို National Costume Competition ကိုတော့ စက်တင်ဘာလ ၅ ရက်နေ့တို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ဗန်းမော်ကိုယ်စားပြု အလှမယ် ခေမာ၊ ရန်ကုန်အရှေ့ပိုင်း ကိုယ်စားပြုအလှမယ် ဘိုမ၊ မော်လမြိုင် ကိုယ်စားပြုအလှမယ် ဒီး ၊ တောင်ကြီးကိုယ်စားပြုအလှမယ် ဆုမြတ်သူ ၊ ဖလမ်းကိုယ်စားပြုအလှမယ် ခွန်းဆက်ချို ၊ စစ်တွေ ကိုယ်စားပြုအလှမယ် စောမြတ်အိခိုင် ၊ မြစ်ကြီးနား ကိုယ်စားပြု အလှမယ် Rose Seng Htoi ၊ မိုးကုတ်ကိုယ်စားပြု အလှမယ် ဆောင်းဟေမာန် ၊ ကွတ်ခိုင်ကိုယ်စားပြုအလှမယ် မိုင်ဇင်လတ် ၊ မူဆယ် ကိုယ်စားပြုအလှမယ် ဆိုင်းပတ်ထွယ်၊ ပုသိမ်ကိုယ်စားပြုအလှမယ် နိုနိုမေ၊ လာရှိုးကိုယ်စားပြုအလှမယ် Rosa ၊ ပြည်ကိုယ်စားပြုအလှမယ် မေသင်းဇာ ၊ ပြင်ဦးလွင် ကိုယ်စားပြု တင်စန္ဒာပြည့်သီရိအောင် ၊ ပျဉ်းမနား ကိုယ်စားပြု အလှမယ် ကြည်ဖြူခင် ၊ ရန်ကုန်တောင်ပိုင်း ကိုယ်စားပြုအလှမယ် El linn ၊ ဖားကန့်ကိုယ်စားပြု အလှမယ် ပြည့်ကောင်းစုသန့် ၊ ကော့ကရိတ်ကိုယ်စားပြုအလှမယ် Lily ၊ ဘားအံကိုယ်စားပြု အလှမယ် Amelia ၊ အမရပူရ ကိုယ်စားပြုအလှမယ် ပုလဲပွင့်ဖြူ ၊ မုံရွာ ကိုယ်စားပြုအလှမယ် ယုဝတီအောင် ၊ မိတ္ထီလာကိုယ်စားပြု အလှမယ် ဆုမြတ်နိုး ၊ ကျိုင်းတုံ ကိုယ်စားပြုအလှမယ် အမရာဘို စတဲ့ မြို့အသီးသီးက ကိုယ်စားပြုအလှမယ် ၃၂ ဦး က အကြိတ်အနယ် ယှဥ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။ အလှမယ်တွေကို Photo Shooting တွေလုပ်နေရင်း ၁၀ ရက်ကြာ Camp သွင်း လေ့ကျင့်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ Miss Universe Myanmar ကို ပြန်လည်ကျင်းပခဲ့တာဆိုရင် အခု ၂၀၂၃ ခုနှစ်က ၁၀ နှစ် ပြည့်ခဲ့တဲ့ နှစ်လည်းဖြစ်ပါတယ်။ Swimsuit Presentation နဲ့ National Costume Competition ပွဲတွေကို Miss Universe Myanmar Facebook Page, Miss Universe Myanmar Official You tube အပြင် Channel 9 Myanmar page တို့မှာ တိုက်ရိုက် ရိုက်ကူးတင်ဆက်သွားမှာဖြစ်ပါတယ်။
Miss Universe Myanmar Final ပြိုင်ပွဲကြီးကိုတော့ Sky Net Teen Channel, Channel 9, Miss Universe Myanmar Facebook Page နဲ့ You Tube တို့မှာ တိုက်ရိုက် ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။