၂၂. ၈. ၂၀၂၃
Written by Min Mahar
ဆိုင်ကယ်နှင့်စျေးဝယ်သွားသော လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားသည့်အတွက် ဆိုင်ကယ်မောင်းနှင်သူ လုံခြုံရေးတပ်ဖွဲ့ဝင်အား ကျည်ထိမှန်ကာ ဒဏ်ရာများရရှိမှု ရေနံချောင်းမြို့တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံများမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ် ၂၁ ရက်) ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ ဂုဏ်မသိမ်လမ်းမ၊ စနေနံဘုရားလမ်းထောင့်တွင် KENBO 125 ဆိုင်ကယ်တစ်စီးဖြင့် စျေးဝယ်ရန်ထွက်လာသော လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးအား စနေနံလမ်းထောင့်ဘက်မှ အမည်မသိလူငယ် ၁ ဦးက သေနတ်ဖြင့် ၃ ချက်ခန့် ပစ်ခတ်သွားမှုကြောင့် ဆိုင်ကယ်မောင်းနှင်သည့် ဒုတိယတပ်ကြပ်အဆင့်ရှိသူ လုံခြုံရေးတပ်ဖွဲ့ဝင်အား ထိမှန်၍ ၎င်းတွင် ယာဘက်နားထင်ကို ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ဖျက်ခုံးပါ ဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် ဒဏ်ရာရရှိသူအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာကာ မြို့ပေါ်ရပ်ကွက်အတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အခင်းဖြစ်သည့်နေရာမှ Luger ၉ မမ ကျည်ကြေးရောင် ၂ ခု၊ အနက်ရောင် ၁ ခု၊ စုစုပေါင်း ၃ ခုအား တွေ့ရှိ၍ သိမ်းဆည်းသွားကြောင်း နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။