၂၂. ၈. ၂၀၂၃
Written by Thuta Zaw
ကျောက်တံခါးမြို့နယ်က လျှပ်စစ်တာဝါတိုင်နှစ်ခုကို KNU၊ PDF များက မိုင်းခွဲ ဖျက်စီးလိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ အတည်ပြုပြောကြားချက်အရ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဩဂုတ်လ ၂၁ ရက် ညပိုင်း ၉ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး 230KVA တောင်ငူ- သာယာကုန်း လျှပ်စစ် ဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၂၂၂ နှင့် ၂၂၃ တို့ မိုင်းခွဲခံလိုက်ရခြင်း ဖြစ်သည်။
“ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ သဲဖြူရွာသစ်နား ဖြစ်တာ။ သိပ်မဝေးဘူး။ အောက်ခြေတွေကို မိုင်းထောင်ပြီး ဖောက်ခွဲသွားတာ။ အခုတော့ လိုက်ပြီး စစ်ဆေးတာတွေ နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ်လို့ သိရတယ်” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။
ထိုသို့ မိုင်းခွဲရာတွင် တာဝါတိုင်များ လဲပြိုခြင်းမရှိသော်လည်း ထိခိုက်မှုရှိသွားခဲ့ပြီး ပြန်လည်ပြင်ဆင်ရန်မှာလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများ အတွက် အသက်ဘေး စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်း သိရသည်။
NUG ၏ ဩဇာခံ PDF များက လျှပ်စစ်ရုံးမှ ဝန်ထမ်းဆယ်ချီကို လုပ်ကြံ သ-တ်ဖြတ်ထားသကဲ့သို့ လျှပ်စစ်ဓာတ်အားပေးလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ သဘာဝဓာတ်ငွေ့ဓာတ်အားပေးပိုက်လိုင်းများကိုလည်း အလုံးစုံပျက်သုဥ်းရေးမူဝါဒဖြင့်တိုက်ခိုက်ဖျက်စီးထားသဖြင့် နိုင်ငံပိုင်လျှပ်စစ်အခြေခံအဆောက်အအုံရာချီ ဖျက်ဆီးခံထားရပြီး တိုင်းပြည်က ကျပ်ဘီလျံပေါင်းများစွာလည်း ဆုံးရှုံးထားရသည့်အပြင် ထိုဖျက်ဆီးမှုများစွာကြောင့် ပြည်သူများထံ လျှပ်စစ်ဓာတ်အားဖြန့်ချိမှုလည်း လျော့ကျလာသဖြင့် အခြေခံပြည်သူများ အခက်အခဲများစွာ တွေ့ကြုံနေရသည်။