၂၂. ၈. ၂၀၂၃
Written By Thandar
Myanmar Idol Season ကတစ်ဆင့် ပရိသတ်အားပေးမှု များစွာရရှိခဲ့တဲ့ အဆိုတော် ဖြိုးမြတ်အောင်ကတော့ အနုပညာလမ်းကြောင်း ဂီတပိုင်းနဲ့ပတ်သက်ပြီး အောင်မြင်ခြင်းဆိုတာ အမြဲတမ်း ရေရှည်ရှိနေမှာ မဟုတ်ဘဲ ပျောက်သွားမှာမို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး နေထိုင်တာက အကောင်းဆုံးပါလို့ ဖွင့်ဟလာပါတယ်။
“ ဘယ်လောက်ပဲ အောင်မြင်နေပါစေ ကျွန်တော် သိထားတဲ့အရာတစ်ခုရှိတယ်။ ဘယ်အရာမှ မမြဲဘူး။ အားလုံးကို တစ်ချိန်ထားခဲ့ရမှာပါ။ ဒီ ဘယ်အရာမှ မမြဲခြင်းဆိုတာကို ကောင်းကောင်းကြီးကို သိထားတဲ့အတွက် အောင်မြင်ခြင်းသည်လည်း ရေရှည်ရှိမှာ မဟုတ်ဘူး။ ခဏလေးနဲ့ပျောက်သွားမယ်။ ဒါပေမယ့် နာမည်တော့ ကျန်ခဲ့မှာပေါ့။ အောင်မြင်ခြင်းဆိုတာ အမြဲတမ်း ရေရှည်ရှိနေမှာမဟုတ်ဘူး။ ပျောက်သွားမှာမို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး နေထိုင်တာက အကောင်းဆုံးပါ” လို့ အဆိုတော် ဖြိုးမြတ်အောင် က ပြောပါတယ်။
သူဟာ အောက်ခြေလူတန်းစား ဘဝကနေ အဆိုပြိုင်ပွဲက တစ်ဆင့် ဂီတပိုင်းမှာ အောင်မြင်မှုများစွာ ရရှိထားပြီး ပရိသတ်ချစ်ခင်မှု ရရှိနိုင်အောင် ထိန်းသိမ်းထားသူဆိုရင်လည်း မမှားဘူးလို့ ဆိုပါတယ်။ ဖြိုးမြတ်အောင်က ၂၀၂၀ ပြည့်နှစ်အတွက် Shwe FM Radio ရဲ့ ရွှေလေလှိုင်းကတစ်ဆင့် ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသားတေးသံရှင်ဆု ရရှိထားသူလည်း ဖြစ်ပါတယ်။ သူ့ကို ဝါရင့်သရုပ်ဆောင် ထူးခန့်ကျော်က ခေါင်းဆောင်မင်းသားတင်ပြီး ရိုက်ကူးဖို့ စီစဉ်နေသလို တေးသီချင်းသစ်တွေ မကြာခင်မှာထွက်ရှိလာဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
“ကျွန်တော်တို့တွေက လူဖြစ်လာတယ်ဗျာ။ လူ့ဘဝရဖို့ဆိုတာမလွယ်ဘူး။ ဗုဒ္ဓဘာသာအရ ပြောမယ်ဆိုရင် လူဖြစ်လာတဲ့အချိန်မှာ ဒါတွေ ဒါတွေ နဲ့ ကုန်ဆုံးသွားတယ်ပေါ့။ အဲဒီတော့ သံသရာကနေ လွတ်အောင် ကျွန်တော်ရုန်းချင်တယ်။ ကိုဗစ်ဖြစ်သွားတဲ့အချိန်မှာ ကျွန်တော် သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ကျွန်တော် ကြောက်သွားတယ်။ မမြဲခြင်းကို သိတယ်ဗျ။ ပြီးတော့ ကျွန်တော်တို့ အောင်မြင်မှုဆိုတာကလည်း ဘယ်တော့မှ တစ်နေရာတည်းမှာ နေလို့မရဘူး။ အမြဲတမ်း အတက်အကျဆိုတာရှိတယ် ”လို့ သူက ဆက်ပြောပါတယ်။