၂၂. ၈. ၂၀၂၃
Written by Hey Mar
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ အထပ်သားစက်ရုံအနီးမှာ ခရီးသည်တင် Express ယာဥ်တစ်စီး လမ်းချော်ကာ အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး လူတချို့ ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ သြဂုတ် ၂၂ ရက် မနက် ၁၁ နာရီ ၃၀ ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ဟာ မျက်နှာချင်းဆိုင် တစ်ဖက်လမ်းကြောကနေ ကျော်တက်လာတဲ့ ယာဥ်ငယ်ကို တိမ်းရှောင်ရင်း မိုးရွာသွန်းထားတာကြောင့် ကားဘီးချော်ထွက်ကာ အရှိန်လွန်တိမ်းမှောက်တာလို့ သိရပါတယ်။ ယာဥ်ပေါ်မှာ ခရီးသည် အနည်းငယ်သာ ပါရှိလာပြီး ကုန်ပစ္စည်းသယ်ဆောင်လာတဲ့ မှန်လုံယာဥ်လို့လည်း ဒေသခံ ပရဟိတ အသင်းထံကနေ သိရပါတယ်။
ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦးနဲ့ ကလေးနှစ်ဦးတို့ မစိုးရိမ်ရဒဏ်ရာ အသီးသီး ရရှိခဲ့ကြပြီး လူနာတွေကို ဘီးလင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဘီးလင်းဆေးရုံကြီးဆီ ပို့ဆောင်ကူညီထားတယ်လို့ သိရပါတယ်။